ထိုင်း – ကရင်နယ်စပ် ဥကရစ်ထဒေသတိုက်ပွဲတွင် ဒေသခံ သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့ နံနက် ၁၀ နာရီကျော်အတွင်း ဒဏ်ရာရရှိခြင်းဖြစ်သည်ဟု ကူညီကယ်ဆယ်ရေးလုပ်သူ တစ်ဦးက ဆိုသည်။
၎င်းက “မနေ့က ကလေးတစ်ယောက် ထိတာတော့ မစိုးရိမ်ရဘူး။ဒီနေ့က သုံးယောက် ထိတယ်။ တစ်ယောက်ကတော့ ရင်ဘတ်ထိတယ်။ တစ်ယောက်က ခြေထောက်ဖြတ်ရမယ်ပြောတယ်။ တစ်ယောက်က အဆုတ်ထိတော့ စိုးရိမ်ရတယ်လို့ ပြောတယ်” ဟု ဆိုသည်။
အဆိုပါဒေသခံများသည် ၁၂၀ မမ အစ ထိမှန်သောကြောင့် ဒဏ်ရာရရှိခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံများကို ထိုင်းဘက်ကမ်းသို့ ပို့ဆောင်ပြီး နီီးစပ်ရာဆေးခန်းတွင် ပို့ဆောင်ကုသပေးနေသည်ဟု သိရသည်။ ယမန်နေ့ညတွင် ဥကရစ်ထတိုက်ပွဲ ပြင်းထန်သောကြောင့် ထိုင်းနယ်စပ် မဲဆောက်မြို့အထိ လက်နက်ကြီးသံများကြားရသည် ဟု မဲဆောက်နေ မြန်မာရွှေ့ပြောင်းတစ်ဦးက ဆိုသည်။
၎င်းက “မနေ့ညက ဟိုဘက်က ထုတဲ့ လက်နက်ကြီးသံတွေ တော်တော် ကျယ်တယ်ပြောရမယ်။ တစ်ချက်တလေဆို အိမ်ပါတုန်တယ်” ဟု ပြောသည်။ တိုက်ပွဲဖြစ်ပွားလျှင် သတ်မှတ်ထားသည့် စစ်ရှောင်နေရာများသို့တိမ်းရှောင်ရန် ရွာအတွင်း ကူညီကယ်ဆယ်သူများက ရွာသားများအား သတိပေးထားသည်။
ဥကရစ်ထစခန်းကို ပူးပေါင်းတပ်ဘက်မှ ဇူလိုင် ၁ ရက်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နီးစပ်ရာ ရွာသား ၅၀၀ ဦးဝန်းကျင် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
#လက်နက်ကြီးသံ #ဒေသခံ #ဒဏ်ရာရ #တိုက်ပွဲ #ဥကရစ်ထ #ThanLwinKhetNews