ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ထားသော စစ်ကောင်စီသည် တိုက်ပွဲအတွင်း ပျက်စီးသွားသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်းများ ပြန်ပြုလုပ်ပေးရာတွင် ငွေအမြောက်အမြား တောင်းခံနေသည်ဟု သိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်း မွေး/တိုး ထည့်သူများကို ရှမ်း၊ ဗမာ မဟုတ်သော အခြားလူမျိုးဖြစ်လျှင် ကျပ်ငွေ ၁၄ သိန်းထက်မနည်းကို စစ်ကောင်စီ လဝကဝန်ထမ်းများမှ တောင်းခံလျက်ရှိသည်ဟု လားရှိုးမြို့ခံများက ပြောသည်။
မှတ်ပုံတင်သွားရောက်ပြုလုပ်သော အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ပိုက်ဆံက ဒဲ့တောင်း၊ မှတ်ပုံတင်ထဲမှာ တခြားလူမျိုး ဖြစ်နေလို့တဲ့ ပိုက်ဆံ ၁၄ သိန်းပေးရမယ်လို့ တောင်းတယ်။ ဒီတိုင်း ရိုးရိုးတိုင်းရင်းသားတို့ ဗမာတို့ဆိုရင်တော့ အမြန်လိုချင်ရင် လေးသိန်း၊ ငါးသိန်း အဲဒီဝန်းကျင်ပဲ” ဟု ပြောသည်။
ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်းပြုလုပ်သည့်အခါ တရုတ်နှင့် ပိုက်ဆံအမြောက်အမြားပေးနိုင်သော သူများကိုလည်း ဦးစားပေးလုပ်ဆောင်ပေးလျက်ရှိပြီး အခကြေးငွေပေးဆောင်ခြင်း မရှိသော ဒေသခံများအား တစ်လကျော်တိုင်အောင် ကတ်ပြားများ ထုတ်ပေးခြင်းမရှိသေးဟု လားရှိုးမြို့ခံများက ပြောသည်။
“တရုတ်ဆိုတာနဲ့ကို ဈေးက ၃၀၊ အဲဒီဝန်းကျင် အနည်းဆုံးပဲ။ တချို့ပိုက်ဆံရှိတဲ့ တရုတ်တွေက ပိုပေးကြတာထင်တယ် မြန်မြန်ရအောင်လေ။ ဒီကောင်တွေက လုပ်စားနေတာ ဂွင်တွေ့နေတာ မှတ်ပုံတင်လုပ်တာကို။ လိုင်းပေါ်လည်း တင်နေကြတာပဲ။ တင်လည်း ဒီကောင်တွေက ဂရုမစိုက်ဘူး။ သူတို့ကို အရေးယူမယ့်သူမှ မရှိတာ” ဟု အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် တရုတ်နိုင်ငံအကူအညီဖြင့် ယခုနှစ် ဧပြီလတွင် လားရှိုမြို့ကို ပြန်လည်ထိန်းချုပ်ခွင့် ရရှိခဲ့သည်။ ထို့နောက် လားရှိုးတိုက်ပွဲအတွင်း၌ ပျက်စီး၊ ပျောက်ဆုံးသွားသော သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမှတ်ပုံတင်နှင့် UID ခေါ် စမတ်ကတ်များကို ပြီးခဲ့သည် မေလမှ စတင်ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
“တုံကင်ရရင် အထဲဝင် လူကိုယ်တိုင်လုပ်ရင်တော့ ဟိုရက်ရွှေ့ ဒီရက်ရွှေ့နဲ့ပေါ့။ ငွေပေးရင်တော့ ပိုမြန်တာပေါ့။ ပမာဏတော့ တစ်ယောက်နဲ့ တစ်ယောက် မတူလောက်ဘူး။ တောင်းလို့ ရမယ့်သူဆို တောင်းတာပဲ။ အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းကပါပဲ” ဟု လားရှိုးမြို့ခံ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ လဝက ဝန်ထမ်းများမှ ထိုသို့ အခကြေးငွေတောင်းခံ၍ ပေါ်ပေါ်ထင်ထင် အကျင့်ပျက်ခြစားမှုများပြုလုပ်နေသည်ကို ဒေသခံများက မကျေနပ်ဖြစ်နေကြသည်။
လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာအုပ်စုရှိ ဒေသခံများကို စစ်ကောင်စီမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်းစာရင်းထုတ်ပေးနေပုံ (ဓာတ်ပုံ-လားရှိုးခရိုင်လဝက)
#လားရှိုး #မှတ်ပုံတင် #လဝက #အခကြေးငွေတောင်းခံ #ThanLwinKhetNews