ဥကရစ်ထ တိုက်ပွဲကြောင့် ထိုင်းဘက်တိမ်းရှောင်လာသည့် ဒေသခံများတွင် ဒဏ်ရာရသူများ ပါဝင် သံလွင်ခက် ဇူလိုင် ၄၊ ၂၀၂၅။ မြဝတီတောင်ပိုင်း ဝေါလေဗျူဟာအနီးတဝိုက် တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုင်းမြန်မာနယ်စပ် ဝေါလေမြိုင်နဲ့ ဥက္ကရစ်ထကို ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းတပ်ဖွဲ့များက လွန်ခဲ့သည့် သုံးပတ်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ပတ်ထဲတွင် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှုများအကြား ရွာသားများ ထိခိုက်ဒဏ်ရာရသည်များရှိပြီး ထိုင်နိုင်ငံဘက်ခြမ်းသို့ စစ်ဘေး တိမ်းရှောင်လာကြရခြင်းဖြစ်သည်။
ပြေးရှောင်လာသူများထဲတွင် လက်နက်ကြီးထိမှန် ဒဏ်ရာရသည့် အရပ်သားပြည်သူ သုံးဦးလည်း ပါဝင်သည်ဟု ထိုင်းနယ်စပ်လုံခြုံရေးစစ်ဖက်ဆိုင်ရာ အရာရှိ အတည်ပြုပြောကြားချက်အရ သိရသည်။ ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါလေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိသည်။
ကရင်ပြည်နယ်တွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုင်းမြန်မာနယ်စပ်အနီး ဘလယ်ဒို ၊ ကနဲလေး၊ ရွှေအေးမြိုင် (ဝါးမီထ)၊ ဘုရင့်နောင်၊ မော်ခီး၊ သေ့ဘောဘိုးနှင့် ထီးကပလယ်တပ်စခန်းများကို မေလနှင့် ဇွန်အတွင်း ဆက်တိုက်သိမ်းယူခဲ့ပြီး လက်ရှိတွင် ဥကရစ်ထတပ်နှင့် ဝေါ်လေဗျူဟာစခန်းတို့ သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။
ထို့ကြောင့် လက်ရှိတွင် ဥကရစ်ထကို သိမ်းပိုက်ရန် ကြိုးစားနေချိန် တိုက်ပွဲပြင်းထန်လျက်ရှိသောကြောင့် ထိုင်းစစ်တပ်ဘက်မှလည်း နယ်စပ်တလျှောက် လုံခြုံရေးများ တိုးမြှင့်ထားသည်။
#ဥကရစ်ထ #ဝေါလေ #တိုက်ပွဲပြင်းထန် #ထိုင်းဘက်တိမ်းရှောင် #ThanLwinKhetNews