စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်း ဇူလိုင် ၁ ရက် ညပိုင်းကတည်းက ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီက ဒီနေ့မှာ သတင်းထုတ်ပြန် အတည်ပြုခဲ့ပါတယ်။
လေ့ကျင့်ရေးပျံသန်းနေစဉ် ရေဒါမှ ပျောက်ကွယ်ပြီး နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာခန့်အကွာမှာ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် လေယာဉ်အမျိုးအစားကိုတော့ ထုတ်ပြန်ပြောဆိုထားခြင်းမရှိခဲ့ပါဘူး။
ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စောင့်ကြည့်မှုတွေလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတစ်ခုကတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်ဟာ တရုတ်နဲ့အစ္စရေးနည်းပညာသုံးထားတဲ့ JF-17 အမျိုးအစားတိုက်ခိုက်ရေးလေယာဉ်ဖြစ်တယ်လို့ ကနဦးပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုမှာတော့ လတ်တလော စုံစမ်းစစ်ဆေးမှုများအရ နည်းပညာချွတ်ယွင်းမှု သို့မဟုတ် မိုးလေဝသ ဆိုးရွားမှုတို့ကြောင့် ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
လေ့ကျင့်ပျံသန်းရင်း ရေဒါကနေ နောက်ဆုံးအဆက်အသွယ်ရထားတဲ့နေရာကတော့ အခုရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့ ဖားဆောင်းဒေသအနီးတစ်ဝိုက်လို့လည်း မြေပုံမှာတွေ့ရှိရတာပါ။
လေ့လာစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ် JF-17 ကို ပါကစ္စတန် (Pakistan Aeronautical Complex – PAC)နဲ့ တရုတ် (Chengdu Aircraft Industry Corporation – CAC) တို့ ပူးပေါင်းတည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံကို ပထမဆုံးတင်ပို့ခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခု၂၀၂၅ ခုနှစ် နှစ်လယ်အထိ စစ်ကောင်စီဟာ တိုက်လေယာဉ် အနည်းဆုံး ၄ စင်း၊ ရဟတ်ယာဉ် ငါးစင်းနဲ့ ရဟတ်ယာဉ်ပစ်ခတ်ယာဉ် (helicopter gunship) တစ်စင်း စုစုပေါင်း လေယာဉ် ၁၀ စင်းခန့် ဆုံးရှုံးခဲ့ရပါတယ်။