ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာ့စီးပွားရေး ကျဆင်းလာပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကာ GDP အသားကုန်ပြည်တွင်းထုတ်ကုန်တန်ဖိုးမှာ ၂ ဒဿမ ၅ အထိ ကျဆင်းနိုင်သည်ဟု ကမ္ဘာဘဏ်၏ ခန့်မှန်းချက်သည် မှားယွင်းနေသည်ဟု စစ်ခေါင်းဆောင်က စီးပွားရေးတိုးတက်စေရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။ အဆိုပါ အစည်းအဝေးအား ဇူလိုင် ၂ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ GDP ၂ ဒဿမ ၅ အထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသော်လည်း နိုင်ငံအတွင်း နေထိုင်သူများမှ ကြိုးပမ်းဆောင်ရွက်ပါက တိုးတက်လာနိုင်သည်ဟုလည်း ပြောထားသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဌာနှစ်တွင် မြန်မာနိုင်ငံ၏ GDP မှာ ကန်ဒေါ်လာ ၇၆ ဒဿမ ၄ ဘီလီယံရှိခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဌာနှစ်တွင် ကန်ဒေါ်လာ ၈၁ ဒဿမ ၆ ဘီလီယံအထိ ရရှိရန် မျှော်မှန်းထားသည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး၏ အကျိုးဆက်အဖြစ် စီးပွားရေးကျဆင်းခြင်းကို ဆိုးရွားစွာ ခံစားရနိုင်သည်ဟု ဇွန်လ ၁၂ ရက်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည်။
ငလျင်ဘေး၏ ဆိုးကျိုးများအဖြစ် ၂၀၂၅-၂၆ ခုနှစ်တွင် GDP ၂ ဒဿမ ၅ ရာခိုင်နှုန်း လျော့နည်းသွားနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။
ထို့အပြင် ငလျင်ကြောင့် ထိခိုက်မှု အများဆုံးဒေသများဖြစ်သည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် နေပြည်တော်တို့တွင် ပျက်စီးမှုတန်ဖိုးသည့် ကန်ဒေါ်လာ ၁၇ သန်းခန့်အထိ ရှိပြီး ယင်းပမာဏသည် GDP ၏ ၁၄ ရာခိုင်နှုန်းဖြင့် ညီမျှသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဒေသများတွင် ကုန်ထုတ်လုပ်မှု ပမာဏ ကန်ဒေါ်လာ ၂ ဘီလီယံခန့် လျော့နည်းသွားနိုင်သည်ဟုလည်း ဆိုထားသည်။
ထို့သို့ ငလျင်ဘေးနှင့် ပြည်တွင်းပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းမှာ ၂ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးလာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



