သူရဇော်
ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ငှက်ဖျားရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားနေသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူများမှ ပြောသည်။
ဝေါလေဒေသတွင် စစ်ကောင်စီ၏ ဝေါလေဗျူဟာ တပ်စခန်းနှင့် ဥကရစ်ထစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်လျက်ရှိပြီး စခန်းများအနီးတွင် နေထိုင်သည့် ဒေသခံရွာသူ၊ သားများသည် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်မှ စတင်၍ တိမ်းရှောင်နေကြရသည်။
စစ်ရှောင်အချို့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်သို့တိမ်းရှောင်နေရပြီး နီးစပ်ရာနေရာများတွင် နေထိုင်နေကြရသည်ဟု စစ်ရှောင်များက ဆိုသည်။
ထိုသို့ ရွှေ့ပြောင်းနေထိုင်သည့် နေရာတွင် လူဦးရေထူထပ်ခြင်း၊ သောက်သုံးရေမသန့်ခြင်း၊ ချက်ပြုတ်စား သောက်ရန်မလွယ်ကူခြင်းတို့ကြောင့် ရာသီတုပ်ကွေး၊ ငှက်ဖျားနှင့် အရေပြားရောဂါများ ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်ဟု စစ်ရှောင်ကူညီသူ အမျိုးသားတဦးကပြောသည်။
“ချောင်းရေကို သုံးရတာဖြစ်တဲ့အတွက် ကလေးတွေတော်တော်များများ ငှက်ဖျားဖြစ်လာတာတွေ့ရတယ်။ ရေမသန့်တဲ့အတွက် ရေယုန်လို အနာတွေပေါက်တာတို့ အဲ့လိုမျိုးတွေရှိတယ်။ လူဦးရေကလည်းများလာတော့ အိမ်သာမလုံလောက်မှုတွေလည်းရှိတယ်ပေါ့နော်” ဟု ဝေါလေဒေသတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ ကိုအောင်အောင်မှပြောသည်။
ယင်းရောဂါများ ဖြစ်ပွားနေသူများအား စစ်ရှောင်အရေးကူညီတဲ့ ဆရာဝန်များမှ ဆေးကုသမှုပေး နေသော်လည်း ဆေးဝါးလုံလောက်မှုမရှိဟု ဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင်အရေအတွက်သည် ၁၅၀ ခန့်ရှိနေပြီး လူဦးရေထပ်မံတိုးလာနိုင်သည်ဟု စစ်ရှောင်အရေးကူညီသူများမှပြောသည်။
“ကျနော်တို့ မိုးတွင်းဆိုတော့ ချောင်းရေက သုံးလို့မရဘူး၊ ရေက နှောက်ပစ်နေရာဘဲ။ အဲ့ဒီရေကိုဘဲ သုံးရတယ်၊ ချိုးရတယ် ဒီရေကို အကြည်ခံပြီးတော့ ထမင်းချက်ရတာ ဟင်းချက်ရတာတို့ရှိတယ်” ဟု ကိုအောင်အောင်က ပြောသည်။
လက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် အရေးပေါ်စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် ကုန်ခြောက်ကဲ့သို့သော စားနပ်ရိက္ခာများ လိုအပ်လျက်ရှိသည်စစ်ရှောင်အရေးကူညီသူများမှ ပြောသည်။



