တော်လှန်ရေးတပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး ကို စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့တရားရုံးတစ်ရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပါတယ်။ နာမည်အပြည့်အစုံမဖော်ပြဘဲ AP လို့အတိုကောက်ဖော်ပြခံရတဲ့ အဲဒီအင်ဒိုနီးရှားနိုင်ငံသားကို စစ်ကောင်စီ က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနက အတည်ပြု ပြောဆိုလိုက်တာပါ။
AP ဟာ မြန်မာနိုင်ငံထဲ တရားမဝင်ဝင်ရောက်ခဲ့မှုအပြင် ဒေသအာဏာပိုင်တွေက တရားမဝင် အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့နဲ့ တေွ့ဆုံခဲ့တယ်လို့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှာထုတ်ပြန်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက AP ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂) အပါအဝင် အခြားပုဒ်မ အများအပြားနဲ့ တရားစွဲဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ AP ဟာ စစ်ကောင်စီလက်အောက်က လုံခြုံရေးမြင့်မားတဲ့ အင်းစိန်ထောင်မှာ ချုပ် နှောင်ခံထားရပါတယ်။
စစ်ကောင်စီက AP ကိုဖမ်းဆီးတဲ့နေ့ကစပြီး ဥပဒေကြောင်းအရအကာအကွယ်ပေးနိုင်အောင် ရန်ကုန်မြို့မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးကနေတဆင့် ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ AP ကိုအကာအကွယ်ပေးနိုင်ဖို့ အင်ဒိုနီးရှားသံရုံးက အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပေးခဲ့တယ် လို့ အင်ဒိုနီး ရှားနိုင်ငံသားများကာကွယ်စောင့်ရှောက်ရေး ဒါရိုက်တာ ဂျူဒါ နူဂရာဟာ – Judha Nugraha ကပြောပါ တယ်။
AP ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ရန်ကုန်မြို့မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးနဲ့ AP ရဲ့မိသားစုကတောင်းဆိုထားပါ တယ်။ ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်ကကျင်းပခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လွှတ်တော်အစည်းအဝေးမှာ AP ကို မြန်မာစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားကြောင်း အင်ဒိုနီးရှားအောက်လွှတ်တော်အမတ် အီဘရာဟင် ဆရိဒ်ဂျာဂျာ – Abraham Sridjaja ကထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် လူအများအာရုံစိုက်စရာကိစ္စ တစ်ခုဖြစ်ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကို ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး AP ကိုပြန်လွှတ်ပေးဖို့ သံတမန်ရေး အရတိုက်တွန်းထားတယ်လို့ အီဘရာဟင် ကပြောပါတယ်။ လက်ရှိ ဖမ်းဆီးထောင်ချခံထားရတဲ့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ AP ဟာ အင်စတာဂရမ်လူမှုကွန်ရက်မှာ နာမည်ကျော်ကြားသူတစ်ယောက်လည်း ဖြစ်ပါတယ်။