စစ်ကောင်စီမှ ပြန်လည်ရရှိရန် ထိုးစစ်ဆင်နေသည့် နောင်ချိုမြို့နယ်က သုံးဆယ်ကျေးရွာအား လေကြောင်းမှ ဗုံး ၁၁ လုံးအထိ ကြဲချခဲ့ခြင်းကြောင့် ဒေသခံ သုံး ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
သုံးဆယ်ကျေးရွာသို့ လေကြောင်းမှ ဇူလိုင်လ ၁ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်မှာ ၃ နာရီ ၂၃ မိနစ်အတွင်း လေကြောင်းမှ လေးကြိမ်လာရောက်တိုက်ခိုက်ကာ ဗုံး ၁၁ တိတိ ကြဲချခဲ့ခြင်းဖြစ်သည်။ ထို့သို့ ကြဲချခဲခြင်းကြောင့် ဒေသခံ အမျိုးသား သုံးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား တစ်ဦးအား နီးစပ်ရာဆေးရုံတွင် ဆေးကုသပေးလျှက်ရှိသည်ဟု သိရသည်။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးသွားသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇွန် ၂၉ ရက်ကလည်း ကျောက်မဲမြို့အား စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ အား ဗုံး ၆ လုံးကြဲချခဲ့ခြင်းကြောင့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နေအိမမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်းထိခိုက်ပျက်စီးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ ယင်းသို့ စစ်ကောင်စီမှာ လေကြောင်းတိုက်ခိုက်မှုများအား အရှိန်မြင့်လာသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ထိခိုက်မှုမရှိစေရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု တိုက်တွန်းထားသည်။
၂၀၂၅ ခုနှစ် ဧပြီလကုန်ပိုင်းမှ စ၍ TNLA ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည့် နယ်မြေများအား ပြန်လည် သိမ်းပိုက်နိုင်ရန် စစ်ကောင်စီမှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနှင့် လေကြောင်းမှ တိုက်ခိုက်ခြင်းများအား ဆက်တိုက်ပြုလုပ်နေသည်။
ပုံစာ- စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် သုံးဆယ်ကျေးရွာက နေအိမ်နှင့် ဘုန်းကြီးကျောင်း
#နောင်ချို #လေကြောင်း #TNLA #ဗုံးကြဲတိုက်ခိုက်မှု #ThanLwinKhetNews