ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့လိုက်သည်ဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုခဲ့သည့် အသံဖိုင် ပေါက်ကြားမှုကြောင့် ထိုင်းအထက်အလွတ်တော်အမတ် ၃၆ ဦးမှ ဝန်ကြီး ပေထုန်တန်ရှင်နာဝပ်အား ရာထူးမှ ဖယ်ရှားပေးရန်တောင်းဆိုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေရုံးက ယနေ့လက်ခံခဲ့သည်။
အထက်လွတ်တော်အမတ်များမှ တင်သွင်းခဲ့သော တိုင်ကြားချက်များကို ဥပဒေပြဌာန်းချက်များအရ ကျင့်ဝတ်သိက္ခာကို ဆိုးရွားစွာ ချိုးဖောက်ခြင်းရှိ၊ မရှိကို အစည်းအဝေးပြုလုပ်၍ ဆွေးနွေးခဲ့ကြပြီးနောက် ဝန်ကြီးချုပ်အား တာဝန်ရပ်ဆိုင်းလိုက်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ခုံရုံးမှ အပြီးသတ်အမိန့်မချမှတ်မီ ကာလအတွင်း ဝန်ကြီးချုပ်အား တာဝန်မှ ရပ်စဲထားရန်လည်း တောင်းဆိုခဲ့သည်။ ထို့နောက် တိုင်ကြားသူအား အကြောင်းကြားပြီး တိုင်ကြားခံရသူ ဝန်ကြီးချုပ်အား တိုင်ကြားလွှာမိတ္တူ လက်ခံရရှိသည့်နေ့မှစ၍ ၁၅ ရက်အတွင်း ချေပလွှာတင်သွင်းရန် အမိန့်ချမှတ်ခဲ့သည်။
တိုင်ကြားခံရသူအား ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပေးရန် တောင်းဆိုချက်နှင့် ပတ်သက်၍ ခုံရုံးက မဲအများစု (၇ မဲ၊ ၂ မဲ) ဖြင့် ဆုံးဖြတ်ခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဝန်ကြီးချုပ်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ ခုံရုံးမှ အပြီးသတ် အဆုံးအဖြတ် မချမှတ်မီအထိ တာဝန်ထမ်းဆောင်ခြင်းမှ ရပ်စဲရန် အမိန့်ချမှတ်လိုက်ပြီး တိုင်ကြားသူနှင့် တိုင်ကြားခံရသူ နှစ်ဖက်စလုံးအား အသိပေးခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို သဘောမတူသည့် တရားသူကြီး နှစ်ဦးက တိုင်ကြားလွှာပါ အချက်အလက်များသည် ရှင်းလင်းပြတ်သားမှု မရှိသေးသောကြောင့် ဝန်ကြီးချုပ်အား တာဝန်မှ အပြီးတိုင် ရပ်စဲရန် မသင့်သေးဟု ပြောဆိုခဲ့ကြသည်။ ထို့အပြင် ပြန်လည်ကုစားရန် ခက်ခဲသော ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေရုံး၏ လုံထုံးလုပ်နည်းများအတိုင်း ကြားဖြတ်ကာကွယ်မှုအစီအမံများကို အသုံးပြုသင့်ကြောင်း တရားသူကြီးနှစ်ဦးမှ အကြံပြုသည်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန်အနေဖြင့် ဝန်ကြီးချုပ်တာဝန်မှ ရပ်ဆိုင်းခံလိုက်ရပြီ ဖြစ်သော်လည်း ယနေ့ အသစ်ပြင်ဆင်ခဲ့သည့် အစိုးရအဖွဲ့တွင် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူထားသောကြောင့် ဇူလိုင် ၃ ရက် ကျမ်းသစ္စာ ကျိန်ဆိုပြီးလျှင် ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည့် သဘောတွင် ရှိနေသည်။