သစ်သစ်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါ်လေဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာ သုံးရွာမှ စစ်ဘေးရှောင်နေသည့်ဒေသခံများ အခြေခံ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။
စစ်ရှောင်ကူညီသူအမျိုးသမီး တစ်ဦးက “အဓိက အခြေခံစားနပ်ရိက္ခာ လိုအပ်တာပေါ့။ ခြင်လိမ်ဆေးတွေလည်း လိုတယ်။ မိုးရာသီလည်းဖြစ်တော့ ငှက်ဖျားဖြစ်မှာစိုးရိမ်ရတယ်” ဟု ပြောသည်။
ထို့အပြင် “တချို့ဂိုဒေါင် (ထိုက်ဘက်ခြမ်း) မှာတော့ ထိုင်းဘက်က ချက်ကျွေးတယ်။ ဂိုဒေါင်မဟုတ်တဲ့ တခြားနေရာတွေကျတော့ဘယ်သူမှ မကူညီသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
စစ်ရှောင်နေရသည့် ကျေးရွာများမှာ ဝေါ်လေဒေသရှိ ဝါးမီထ၊ အုန်းတော၊ ဝေါ်လေရွာတို့ဖြစ်ပြီး လူဦးရေ ၄၀၀ နီးပါးရှိကာ လော့ခေါ်စစ်ရှောင်စခန်းတွင်တော့ စစ်ရှောင် ၈၃ ဦးရှိသည်။
အဆိုပါသောင်ရင်းမြစ်ဘေး မြန်မာဘက်ခြမ်းတွင် စစ်ကောင်စီ တပ်စခန်းနှစ်ခုသာ ကျန်ရှိပြီး ယင်းစခန်းများရရှိရေးအတွက် ပူးပေါင်းတပ်ဘက်မှလည်း တိုက်ခိုက်လျက်ရှိသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများက ကျေးရွာထဲသို့ ဝင်ရောက် အခြေချတပ်စွဲကာ ဒေသခံများလည်း မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်။