ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်ပို့ဆောင်ခံရသော မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ထက်မနည်းသည် စစ်ကောင်စီ၏ အပတ်စဉ် ၁၁ စစ်မှုထမ်းအဖြစ် စုဆောင်းခံခဲ့ရသည်ဟု စစ်မှုထမ်းအဖြစ်မှ ထွက်ပြေးလွတ်မြောက်လာသူများကို ကိုးကား၍ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းမှ သိရသည်။
တနင်္သာရီတိုင်း၊ ပလောက်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၁၂) လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၁ တပ်သားအဖြစ်စုဆောင်းခံရသူ လေးဦးသည် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံသို့ ဇွန် ၁၈ ရက်က ခိုလှုံလာခဲ့သည်ဟု သိရသည်။
မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက “သူတို့ ပြောပုံအရ ပလောက်မြို့ တိုင်းဗဟို-၁၂ မှာ စစ်မှုထမ်းအပတ်စဉ် ၁၁ ပေါ့နော်။ အဲဒီအပတ်စဉ် ၁၁ မှာ သင်တန်းသားဦးရေ ၃၀၀ ဝန်းကျင်ရှိတယ်ဗျ။ ဒီလူ ၁၈၀ ယောက်က ထိုင်းကနေ ပြန်ပို့ထားတဲ့ သူတွေလို့ သိထားရတယ်ဗျ” ဟု ပြောသည်။
အဆိုပါလူငယ်လေးဦးအနက် နှစ်ဦးသည် ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု သိရသည်။ ၎င်းတို့သည် ရနောင်းမြို့မှတဆင့် ကော့သောင်းသို့ လွှဲပြောင်းခံရပြီးနောက် စစ်ကောင်စီက ရေလမ်းကြောင်းမှတဆင့် ပလောက်မြို့ တပ်မတော်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
“နှစ်ဦးကတော့ မြန်မာပြည်ပြန်လာတဲ့အချိန်မှာ စစ်မှုထမ်းစုဆောင်းရေးကနေပြီးတော့ နေအိမ်မှာ ဝင်ဖမ်းတာဗျ။ ကျန်နှစ်ဦးကတော့ ရနောင်း-ကော့သောင်းကနေတဆင့် စစ်မှုထမ်းဖို့ ပို့ဆောင်ခြင်းခံရတာဗျ” ဟု ရဲဘော် အာနိုးက ပြောသည်။
အဆိုပါ လေးဦးသည် အသက် ၂၁ မှ ၃၀ အတွင်းရှိ လူငယ်များဖြစ်ကြသည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသော လူငယ် ၂၉ ဦးသည်လည်း ထိုင်းအာဏာပိုင်များမှ မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခံရချိန်တွင် စစ်ကောင်စီ၏ တပ်သားစုဆောင်းခြင်းကို ခံခဲ့ရသည်။
၎င်းလူငယ် ၂၉ ဦးသည် မြိတ်မှတဆင့် ပလောက်မြို့သို့ ရေကြောင်းလမ်းမှ ပို့ဆောင်ချိန် စစ်ကောင်စီတပ်သားများကို ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ ခိုလှုံခဲ့ကြသည်။
ပုံစာ- စစ်မှုထမ်းစုဆောင်းခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူများ (ဓာတ်ပုံ -မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း)