သစ်သစ်
ကရင်ပြည်နယ်၊ ထိုင်း – ကရင်နယ်စပ် သောင်ရင်းမြစ်ဘေးရှိ စာသင်ကျောင်းအများစုသည် လေကြောင်းအန္တရာယ် စိုးရိမ်ရသောကြောင့် စစ်ရှောင်ကလေးငယ်များ ကျောင်းပြန်မတက်နိုင်သေးဟု စစ်ရှောင်များထံမှ သိရသည်။
သောင်ရင်းမြစ်ဘေးရှိ လော့ခေါ် စစ်ရှောင်စခန်းမှ ကျောင်းသားများအပြင် ကျေးရွာရှိ ကျောင်းသူ ကျောင်းသား စုစုပေါင်း ၉၂ ဦး သည် လေကြောင်းအန္တရာယ် စိုးရိမ်ရသောကြောင့် ရွာကျောင်းသို့ တက်ရောက်နိုင်ခြင်း မရှိဘဲ ကျောင်းပိတ်ထားရသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
၎င်းက “ဒီနှစ် ၆ လပိုင်းအစကတော့ ကျောင်းဖွင့်တယ်။ ဒါပေမယ့် အတန်းကြီး ၄၊ ၅၊ ၆ တန်း မူလတန်းလွန်အတန်းတွေပဲ ပေးတက်တယ်။ အခုအခြေအနေနဲ့ဆိုရင် ရွာကျောင်းတောင်မှ စိုးရိမ်ရတယ်။ အဓိကက လေယာဥ်လာကြဲမှာ ကြောက်လို့ပေါ့။ ပညာရေးဌာနကလည်း ရပ်ဆိုင်းထားတယ်” ဟု ဆိုသည်။
ထို့အပြင် သောင်ရင်းမြစ်ဘေးရှိ သေ့ဘောဘိုးရွာ စာသင်ကျောင်းသည်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ အရေးပေါ်အတွက် ဆောက်လုပ်ထားသည့် စာသင်ကျောင်းမှာသာ သင်ကြားနေကြရသည်ဟု သိရသည်။
အဆိုပါအရေးပေါ်စာသင်ကျောင်းကို ရက်ရှည်တိုက်ပွဲဖြစ်သည့်အချိန်နှင့် လေကြောင်းအန္တရာယ်စိုးရိမ်ရသည့်အချိန်များအတွက် ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
၎င်းက “ကျောင်းက ပြန်ဖွင့်ပြီ။ ကျောင်းကြီး (ကျေးရွာအတွင်းရှိစာသင်ကျောင်း) တော့ မဟုတ်ဘူး။ အခုက လေကြောင်းအန္တရာယ်စိုးရိမ်ရတယ်လေ။ အရေးပေါ်ကျောင်းမှာ စာသင်ရတာ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် သေ့ဘောဘိုးကျေးရွာသို့ ပညာလာသင်သော ရပ်ဝေးကျောင်းသားများနှင့် ရွာသား (မူလတန်းမှအထက်တန်း) စုစုပေါင်း ၁၀၀ ကျော်ရှိသည်ဟု ဒေသခံများနှင့် တာဝန်ရှိသူများထံမှ သိရသည်။
လေကြောင်းအန္တရာယ်ကြောင့် ပြန်မဖွင့်နိုင်သေးသည့် သေ့ဘောဘိုးရွာ စာသင်ကျောင်းကြီးသည် ၁၂ တန်းအထိ ပညာသင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။
သေ့ဘောဘိုးရွာရှိ တပ်မ ၄၄ အခြေစိုက် စစ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဘက်မှ ယခု ဇွန်လ ၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းအန္တရာယ်ကိုစိုးရိမ်ရသောကြောင့် အရေးပေါ် စာသင်ကျောင်း၌သာ သင်ကြားနေရသည်မှာ စာသင်ချိန် နှစ်ပတ်ရှိပြီ ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်ကလည်း ကွီးလယ်ဆူးဘော်ဒါဆောင်ကို စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ဘော်ဒါဆောင်နေ ကလေးငယ်များ ထိခိုက်မှု ရှိခဲ့သေးသည်။
လက်ရှိအချိန်တွင် မြဝတီ – ဝေါ်လေကားလမ်းမတွင် ဥကရစ်ထ နှင့် ဝေါ်လေဗျူဟာစစ်စခန်းကြီး နှစ်ခု ကျန်ရှိပြီး အဆိုပါစခန်းများအား လက်မလွှတ်ရရေးအတွက် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ခုခံကာကွယ်လျက်ရှိသည်။