ထိုင်း – ကမ္ဘောဒီးယား နှစ်နိုင်ငံကြား တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ နယ်စပ်ပြဿနာအရေး ဖြေရှင်းနိုင်ဖို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံသင့်တယ်လို့ Move Forward ပါတီခေါင်းဆောင်ဟောင်း ဖိထာ လင်မ်ဂျာရွန်ရတ်က တိုက်တွန်းလိုက်ပါတယ်။
နယ်စပ်အရေးမှာ သံခင်းတမန်ခင်းနဲ့ပတ်သက်ပြီး ပိုပြီး ခိုင်မာတဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်ပြီး အထူးသဖြင့် အာဆီယံဥက္ကဋ္ဌ မလေးရှားအပြင် လက်ရှိအငြင်းပွားမှုတွေကို နယ်နိမိတ်ပူးတွဲကော်မရှင် – JBC ဆီ ပြန်တင်ပြဖို့ လိုအပ်တယ်လို့ သူက ပြောခဲ့တာပါ။
ထိုင်းနိုင်ငံက နယ်စပ်ကန့်သတ်ချက်တွေကို ပြန်မရုတ်သိမ်းသေးသရွေ့ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ JBC လက်အောက်ခံတွေအပါအဝင် ဘယ်သူနဲ့မှ ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောဆိုခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ နှစ်နိုင်ငံကြား လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအထိ ရောက်အောင် ပုံဖော်နေတဲ့အပြင် အမှုကို နိုင်ငံတကာတရားရုံး – ICJ ကတဆင့် ဆုံးဖြတ်ချက်ခံယူနိုင်ဖို့ တွန်းအားပေးဆောင်ရွက်နေတယ်လို့လည်း ဖိထာက ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေကို ထိုင်းအစိုးရက ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ချဉ်းကပ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက် လက်တွေ့အခြေအနေမှာ ထိုင်းအစိုးရဟာ အချက်အလက်ဖော်ပြမှုပိုင်းဆိုင်ရာ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူကဆိုပါတယ်။
မိမိအကျိုးစီးပွားအတွက် တခြားနိုင်ငံကို ဖိအားပေးခြိမ်းခြောက်တဲ့ ‘Blackmail Policy’ ကို ပြန်ပြီး တုံ့ပြန်ရာ မှာ ထိုင်းအစိုးရ လေးဖင့်နှေးကွေးနေတာကိုလည်း ဖိထာက ဝေဖန်ပြစ်တင်ခဲ့ပါသေးတယ်။
ဒါ့အပြင် ငွေလိမ်ဂိုဏ်းတွေလို တရားမဝင်ပြဿနာတွေက ကမ္ဘောဒီးယားကိုသာမက နိုင်ငံအများအပြားကို လည်းထိခိုက်စေခဲ့တယ်ဆိုတာကို နိုင်ငံတကာအဖွဲ့အစည်းတွေသိအောင်ရှင်းပြဖို့လိုသလို ကမ္ဘောဒီး ယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ တိုက်ရိုက်ဖုန်းဆက်ပြီးဆွေးနွေးသင့်တယ်လို့လည်း ဖိထာက အကြံပြုခဲ့ပါ တယ်။
ကမ္ဘောဒီးယားကမကြာသေးခင်တုန်းက ICJ ကိုတင်သွင်းခဲ့တာနဲ့ပတ်သက်တဲ့စိုးရိမ်မှုကိုလည်း ဖိထာကဖော် ပြခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်နဲ့ပတ်သက်လာရင် ပြတ်သားပြီးနိုင်ငံတကာနဲ့လည်းအဆက်အသွယ် ကောင်းတဲ့ ဥပဒေအဖွဲ့တစ်ဖွဲ့ခေါ်ယူဖို့ကိုလည်း သူကတောင်းဆိုခဲ့ပါတယ်။
စစ်ရေးတင်းမာမှုက ထိုင်းနိုင်ငံကိုထိခိုက်စေနိုင်ပြီး ကမ္ဘောဒီးယားနိုင်ငံကိုသာ အကျိုးရှိသွားစေနိုင် တယ်လို့ လည်း ဖိထာက သတိပေးခဲ့ပါတယ်။