လာမယ့် စက်တင်ဘာမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA က သိန္နီမြို့ကို စစ်ကောင်စီလက်ထဲ ပြန်ပြီး လွှဲပေးတော့မယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ‘၁၀၂၇ စစ်ဆင်ရေး’ စတင်ခဲ့ပါတယ်။ စစ်ဆင်ရေး စတင်ပြီး သုံးလအကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာပဲ MNDAA နဲ့ ပူးပေါင်းတပ်တွေက သိန္နီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီကို ပြန်ပေးအပ်လိုက်ရတဲ့ လားရှိုးမြို့အပါအဝင် ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း MNDAA က သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ မုန်းကိုးနဲ့ ကွမ်းလုံမြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီလို သိမ်းပိုက်ပြီးနောက်မှာတော့ MNDAA က ကိုးကန့်အထူးဒေသ ၁ ကို ခရိုင် လေးခရိုင်၊ မြို့ တစ်မြို့နဲ့ ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။
MNDAA က ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ကိုးကန့်အထူးဒေသ ၁ ထဲမှာ ကိုးကန့်ခရိုင်၊ သိန္နီခရိုင်၊ ကွတ်ခိုင်ခရိုင်၊ မုံးကိုးခရိုင်နဲ့ လောက်ကိုင်မြို့တို့ ပါဝင်ပါတယ်။ လားရှိုးမြို့နယ်ထဲက နယ်မြေတချို့ကိုလည်း သိန္နီခရိုင်ထဲ ထည့်သွင်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။
တရုတ်ဖိအားကြောင့် လားရှိုးမြို့က ပြန်ပြီး ဆုတ်ခွာခဲ့ရတဲ့ MNDAA ဟာ လာမယ့်စက်တင်ဘာမှာ သိန္နီမြို့ကနေ ပြန်ပြီး ဆုတ်ခွာရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် သိန္နီမြို့တချို့နေရာတွေမှာ MNDAA က အင်အား ဖြည့်တင်းနေသလို ရုံးလုပ်ငန်းပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ဆေးရုံလုပ်ငန်းပိုင်းဆိုင်ရာတွေကို ဆက်ပြီး လုပ်ဆောင်နေတာ တွေ့ရတယ်လို့ MNDAA စစ်ရေးသတင်းရင်းမြစ်တွေနဲ့နီးစပ်တဲ့ ဒေသခံ ကိုကြွက်ကလေးက ပြောပါတယ်။
“သိန္နီကို ပြန်ပေးရမယ်ဆိုတဲ့ သတင်းက လောလောဆယ်မှာ ကောလာဟလအနေအထားပဲ ရှိတယ်လို့ ကျွန်တော်တို့ ပြောလို့ ရတယ်။ ပြီးရင် နောက်ထပ်တစ်ခု သုံးသပ်လို့ရတာက ဒီမှာ အင်အားတွေ တချို့နေရာတွေမှာ ဖြည့်တင်းနေတာတွေ၊ ဒီလုပ်ငန်းပိုင်းဆိုင်ရာပေါ့။ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ၊ ဆေးရုံလုပ်ငန်းပိုင်းဆိုင်ရာ၊ ဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာပေါ့နော်။ ဒေသန္တရအုပ်ချုပ်ရေးပေါ့နော်။ အထွေထွေပေါ့။ ဒီဟာတွေမှာလည်း သူတို့ လုပ်ဆောင်နေတာ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ ပြန်ပေးဖို့က ရာခိုင်နှုန်းက နည်းမယ်လို့တော့ ကျွန်တော်တို့က ယူဆတယ်ပေါ့နော်” လို့ သံလွင်ခက်ကို ပြောပါတယ်။
ဒါပေမယ့်လည်း ပြန်ပေးရေး မပေးရေးက တရုတ်နိုင်ငံရဲ့ စွက်ဖက်မှု၊ ဖိအားပေးမှုတွေအပေါ်မှာ မူတည်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၆ မြို့နဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ရရှိပြီး ၇၇ ရက်အကြာ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာတော့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နှစ်ဖက် တာဝန်ရှိသူတွေ တွေ့ဆုံပြီး အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။
အချက် ၇ ချက်ပါ ဟိုက်ဂင် သဘောတူညီချက်မှာ ကိုးကန့်ဒေသကို အထူးဒေသ ၁ အဖြစ် စစ်ကောင်စီက လက်ခံခဲ့ပါတယ်။ “ပြီးတော့ နောက်တစ်ခုက စကစနဲ့ MNDAA တို့ရဲ့ သဘောတူညီချက်ပေါ့။ လားရှိုးပြန်ပေးတဲ့အချိန်မှာ AT တံတားရဲ့ ဒီဘက်တစ်ခြမ်းပေါ့နော်။ လားရှိုး AT တံတားကနေ ဒီဘက်တစ်ခြမ်းကို သိန္နီခရိုင်လို့ သတ်မှတ်ထားတာတွေ့ရတဲ့အတွက် သူတို့ရဲ့ သဘောတူညီချက်မှာ ကနဦးကတည်းကကို ပြန်ပေးဖို့ အစီအစဥ် မရှိသလို လားရှိုး တစ်ခုတည်းကိုပဲ ဖိအားပေးတောင်းတယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်” လို့ ကိုကြွက်ကလေးက ပြောပါတယ်။
AT တံတားဟာ လားရှိုးမြို့ကနေ သိန္နီမြို့ဘက်အထွက် လားရှိုးရပ်ကွက်ကြီး ၁၂ အဆုံးမှာ တည်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ လားရှိုးမြို့ဘက်အခြမ်းမှာရှိတဲ့ AT တံတားမှာ စစ်ကောင်စီဂိတ်ရှိပြီး သိန္နီမြို့ဘက် အခြမ်းက AT တံတားမှာတော့ MNDAA က ဂိတ်ထိုင်ထားတယ်လို့ နောက်ထပ်သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီဆီ ပြန်ပေးတာနဲ့ပတ်သက်ပြီး ဘယ်ဘက်ကမှ တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပေမယ့် လူကြီးပိုင်းချင်း ညှိညှိပြီး လုပ်သွားတာမျိုးတော့ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် နမ့်စလတ်အကျော် ကွမ်းလုံအနီးဝန်းကျင်အထိ MNDAA က ဖြည်းဖြည်းချင်း ပြန်ပြီး ပေးသွားမယ်လို့ ကြားနေရကြောင်း MNDAA စစ်ရေးသတင်းရင်းမြစ်တွေနဲ့ နီးစပ်တဲ့ အသက် ၄၂ နှစ်အရွယ် နောက်ထပ်ဒေသခံ တစ်ဦးက ပြောပါတယ်။
သူက “အဲဒါက တော်တော်ရှုပ်တဲ့ ကိစ္စလို့ မြင်တယ်။ သူတို့ အကြီးပိုင်းတွေကပဲ ဆွေးနွေးပြီးလုပ်လုပ်သွားတာ မျိုးပေါ့နော်။ လူထုတွေက ဒါမျိုးတောင်းဆိုပါတယ်ဆိုတဲ့အပေါ် နင်းပြီးသွားတာလားလို့ထင်တယ်။ နောက်ပိုင်းစုံစမ်းလို့ရတာက အောက်ခြေတွေကနေသိရတာက MNDAA ကကွမ်းလုံနားလေးထိကို၊ နမ့်စ လတ်ကျော်တာပေါ့နော်။ ကွမ်းလုံနားလေးထိကို သူတို့က ဖြည်းဖြည်းချင်းပေါ့နော် ပေးသွားဖို့အထိ ရှိတယ်ဆိုတဲ့ အသံမျိုးတွေ ကြားရတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။
သိန္နီမြိုဟာ တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါတဲ့ မြို့ဖြစ်သလို ကွမ်းလုံမြို့ကလည်း စစ်ရေးမဟာဗျူဟာအရ အလွန်အရေးပါတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကွမ်းလုံမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။