ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇွန် ၂၄ ရက် နံနက်ပိုင်းမှ စ၍ TNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီ စစ်ကြောင်းများကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဓနုလွတ်မြောက်ရေးတပ်တော် DPLA ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောသည်။ ၎င်းက “TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ကလည်း အပြန်အလှန် ထိုးစစ်နဲ့ တိုက်ပွဲ တော်တော် ပြင်းထန်နေတယ်။
စကစက မြေပြင်မှာ အထိအခိုက်များပြီဆိုရင် ဝေဟင်ကနေ တရစပ် လာတော့တာပဲ” ဟု ဆိုသည်။ စစ်ကောင်စီဘက်က ဇွန် ၂၃ ရက်မှစ၍ ၂၄ ရက်အထိ Y-12 လေယာဉ်များ အသုံးပြု၍ စစ်တပ်စစ်ကြောင်းများကို လေကြောင်းပစ်ကူပေးနေသလို ကင်းထောက် ဒရုန်းများကို တရစပ် အသုံးပြုမှုများလည်းရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းတလျှောက် ဝက်ဝံဒေသသို့ စစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်သည့်အပြင် တောင်ခမ်းမှ တဆင့် နောင်ချိုကြီးဒေသသို့ အင်အားထောင်ဂဏန်းဖြင့် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကြောင်းထိုးလာသော စစ်ကြောင်းများကို TNLA၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF)၊ DPLA နှင့် ပူးပေါင်းတပ်များက လက်ရှိ တိုက်ခိုက်လျက်ရှိသည်။ ဇွန်လ ၂၄ ရက်တွင် လုံဝယ်၊ နောင်တော၊ သက်ရက်ချိုနှင့် လုံစံ စသည့် ကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။
နောင်ချိုမြို့နယ်ထဲတွင် ယခုလဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ရေဖြူ၊ ကျောက်ကြမ်း၊ ရွှေမုဌော၊ သက်ရက်ချို၊ ကုလား၊ နောင်လင်၊ အုမ္မတီး၊ အိုမူခါး၊ မက်မန်းတော၊ နောင်ချိုကြီး၊ နော်လိတ်နှင့် တောင်လှ စသည့် ကျေးရွာများတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟုလည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေယေဦးက ဇွန်လ ၅ ရက် သတင်းစာရှင်းပွဲတွင် ပြောဆိုခဲ့သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ (အာရက္ခတပ်တော်(AA)၊ ကိုးကန့်တပ် (MNDAA) နှင့် TNLA) တို့သည် တစ်ဖက်သတ်အပစ်ရပ်ကာလကို ယခုလကုန်အထိ သက်တမ်းတိုးထားပြီး ၎င်းအခြေအနေကို အခွင့်ကောင်းယူ၍ စစ်ကောင်စီမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်နေသည်ဟု TNLA က ဇွန် ၂၁ ရက်တွင်လည်း ထုတ်ပြန်ပြောဆိုထားသည်။
TNLA သည် စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့်ကိုသာ အသုံးပြုသွားမည်ဟုလည်း ပြောဆိုထားသည်။ နောင်ချိုမြို့သည် မန္တလေး-မူဆယ်-ရွေလီ (တရုတ်နယ်စပ်) ကုန်သွယ်ရေးလမ်းမကြီးဘေး၌ တည်ရှိပြီး ကုန်သွယ်ရေးအရ အရေးပါသည်။
ထို့ကြောင့် စစ်ကောင်စီသည် တရုတ်အကူအညီဖြင့် လားရှိုးမြို့ကို ပြန်လည်ရရှိပြီးနောက် လားရှိုး-ပြင်ဦးလွင်ကြားရှိ နောင်ချိုမြို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။