ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လယ်ဒို (ကျောက်ကြီး) မြို့နယ်နှင့် မူး (မုန်း) မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
လယ်ဒိုမြို့နယ်ရှိ စစ်ကောင်စီ၏ ပိန်းဇလုပ်အခြေစိုက် ခလရ- ၂၆၄ တပ်ရင်းက ဇွန်လ ၁၄ ရက်တွင် သမင်အင်းကုန်းကျေးရွာ သို့ ၁၂၀ မမ လက်နက်ကြီးဖြင့် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဖျံတလင်းကျေးရွာသို့လည်း ၁၂၀ မမ လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ပစ်ခတ်မှုကြောင့် သမင်အင်းကုန်းကျေးရွာနေ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ဖျံတလင်းကျေးရွာနေ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၁၁ နှစ် ယောကျာ်းလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဇွန် ၁၇ ရက်တွင်လည်း အဆိုပါ စစ်ကောင်စီတပ်စခန်းမှ သမင်အင်းကုန်းကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်ကလည်း မူး (မုန်း) မြို့နယ်ရှိ စစ်ကောင်စီ၏ နတ်သံကွင်းတပ်မှ ဥသျှစ်ကုန်းကျေးရွာအတွင်းသို့ ဒရုန်းဗုံး ၁၂ လုံး၊ ရေလဲကျေးရွာနှင့် လယ်ကွင်းပြင်ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် လေးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KNU က ထုတ်ပြန်ပြောဆိုထားသည်။
ထိုသို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် လေးလုံး ထိခိုက်ပျက်စီးသည့်အပြင် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ဘာသာရေးကျောင်း နှစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
ပုံစာ- စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူတဦး (ဓာတ်ပုံ-KNU)