သူရဇော်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းကြီးတလျှောက်တိုက်ပွဲများကြောင့် ဒေသခံများ ကုန်ပစ္စည်းပြတ်လတ်မှု ကြုံတွေ့နေရပြီး ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိသည်ဟု သိရသည်။
ကျုံဒိုး၊ ကော့ကရိတ်ဘက်မှ ဒေသများသည် ဘားအံ၊ မော်လမြိုင်နှင့် ရန်ကုန်မြို့ကြီးများမှ တင်သွင်းသော ကုန်ပစ္စည်းများကို မှီခိုအားထားနေကြရသည်။
အာရှကုန်သွယ်ရေးလမ်းမကြီးသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော လမ်းတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကော့ကရိတ်မြို့၌ တိုက်ပွဲဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်အထိ ပိတ်ထားရသည်။
ထို့ကြောင့် ကော့ကရိတ်မြို့ အနီးပတ်ဝန်းကျင်ရှိ တိုက်ပွဲများ၊ မိုးရာသီ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြား ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုဒဏ်ကို ခံနေရသည့်အပြင် ပြီးခဲ့သည့် ဧပြီ လမှစ၍ ကျပ်ငွေတန်ဖိုး ကျဆင်းလာခဲ့ပြီးနောက် ကုန်ဈေးနှုန်းများသည်လည်း ပိုမိုမြင့်တက်လာခဲ့သည်ဟု ဒေသခံများမှ ပြောသည်။
“ဆန်တစ်အိတ် ၁၈၀,၀၀၀၊ အရင်က (၂၀၂၃ ခုနှစ်) ၆၀,၀၀၀ ဝန်းကျင်ပေါ့ဗျာ။ ငွေဈေးကျပြီးနောက်ပိုင်း ၈၀,၀၀၀ အထက်မှာရှိတယ်။ သင်္ကြန်အပြီး (ယခုနှစ်) ၁၈၀,၀၀၀ လောက် ဖြစ်သွားတာ” ဟု ကော့ကရိတ်မြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။
ကော့ကရိတ်ဒေသခံများ၏ ပြောပြချက်အရ လက်ရှိအချိန်တွင် စားဆီ တစ်လီတာလျှင် ကျပ်ငွေ ၂၅,၀၀၀ ကြားမှ ၃၅,၀၀၀ ကျပ်ကြားတွင်ရှိပြီး ကြက်သွန်ဖြူ တပိဿာလျှင် ၆၀,၀၀၀ ကျပ်ခန့်နှင့် ကြက်သွန်နီ တစ်ပိတ်သာကို ၃၀,၀၀၀ ကျပ်ခန့်တွင် ရှိနေသည်။
“ကြက်ဥတစ်လုံးကို နှစ်ထောင်၊ ဒါပေမဲ့ ရှာဝယ်လို့ မရဘူး။ လမ်းတွေ ပိတ်ထားတယ်။ ကျုံးဒိုး နဘူးမှာ ကွမ်းရွက် တစ်ပိဿာ ၈၀၀၀ ဆိုရင် ကော့ကရိတ်မှာ တစ်သိန်းဈေးတဲ့ဗျာ” ဟု အထက်ပါ မြို့ခံ အမျိုးသားက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်မှ စတင်၍ KNLA၊ PDF နှင့် မွန်ပူးပေါင်းတပ်များမှ ကော့ကရိတ် ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည်။
“တိုက်ပွဲကတော့ မြို့စွန်တွေမှာပဲ ဖြစ်တာပါ၊ မြို့အဝင်အထွက် လမ်းတစ်လျှောက် လုံခြုံရေး အပြည့် ချထားတယ်။ စစ်တပ်ဘက်က ရွှေပြည်အေးတရားဟောတယ်ဗျ။ မထွက်ကြဖို့ ထွက်ရင် ဒီမြို့လေးက တစပြင်ကြီးဖြစ်သွားနိုင်တဲ့ အကြောင်းပေါ့” ဟု အသက် ၂၅ နှစ်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်မှ အခုလ ဇွန် ၂၀ ရက်တွင် ၎င်းတို့ ထိန်းချုပ်ထားသော အာရှလမ်းကြီး၏ တစ်စိတ်တစ်ပိုင်းကို ပြန်ဖွင့်ပေးမည်ဟု ကြေညာထားသော်လည်း တော်လှန်ရေးတပ်များက ယင်းမတိုင်ခင် စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ၏ မော်လမြိုင် အခြေစိုက် ရတခ (အရှေ့တောင်တိုင်း စစ်ဌာနချုပ်) လက်အောက်ခံ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ရှိပြီး ၎င်း၏ လက်အောက်ခံတပ်ရင်းများဖြစ်သော ခလရ-၂၃၀၊ ခလရ-၂၃၁ တပ်ရင်းများရှိသည်။
“ဘာအလုပ်အကိုင်မှကို လုပ်လို့ မရတာဗျာ။ ပန်းရံလက်သမားဆိုလည်း ဘာပစ္စည်းမှ ဝယ်မရလို့ လုပ်မရဘူး။ အွန်လိုင်းဈေးရောင်းသူတွေလည်း အင်တာနက် မကောင်းလို့ အဆင်မပြေဘူး။ ရေရှည်မပြောနဲ့ အခုတောင် တောင့်ခံနေရတယ်။ လူကြီးပိုင်းတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအားနည်းသွားတယ်လို့မြင်တယ်” ဟု အထက်ပါ မြို့ခံ အမျိုးသားက ပြောသည်။
တိုက်ပွဲများကြောင့် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ပစ္စည်းများအဆမတန်ဈေးမြင့်တက်လာမှုများကြောင့် စားဝတ်နေရေးအတွက် ကြပ်တည်းမှုများနှင့် ရင်ဆိုင်နေကြရပြီး ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် ကော့ကရိတ်မြို့ခံများမှ တောင်းဆိုနေကြသည်။