ဒီကနေ့မနက်အစောပိုင်းမှာပဲ အီရန်က ဒုံးကျည်တွေနဲ့ ဆက်ပြီး တိုက်ခိုက်နေသေးတဲ့အတွက် အစ္စရေး ပြည်သူတွေ ဘေးလွတ်ရာနေရာတွေမှာ ခိုလှုံနေထိုင်ကြဖို့ အစ္စရေးအာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။
အီရန်စံတော်ချိန် မနက် ၄ နာရီမှာ အီရန်က ဆက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီအချိန်ဝန်းကျင်မှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အာရာဂ့်ချီက ‘တကယ်လို့ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရင် အီရန်ဘက်ကလည်း သူတို့ တိုက်ခိုက်မှုတွေကို ရပ်တန့်သွားမယ်’ လို့ ပြောခဲ့ပါတယ်။
အစ္စရေးနဲ့ အီရန်နိုင်ငံတို့က ၂၄ နာရီအတွင်း အပစ်အခတ်ရပ်စဲရေးကို အပြီးသတ် ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့ လူမှုကွန်ရက်မီဒီယာမှာ တနင်္လာနေ့က ရေးသားခဲ့ပါတယ်။
ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေရဲ့ အကျိုးသက်ရောက်မှုတွေက ဘာတွေလဲဆိုတာနဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကာတာနိုင်ငံမှာရှိတဲ့ အမေရိကန်လေတပ်စခန်းဌာနချုပ်ကို အီရန်က ဒုံးကျည် ၁၉ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံတစ်ခုကို ဒုံးကျည်ထိမှန်ခဲ့ပေမယ့် သေဆုံးသူ မရှိဘူးလို့ ကာတာစစ်ဘက်အရာရှိတစ်ဦးက ပြောပါတယ်။
အီရန်က ကာတာကို ဒုံးကျည် ၁၄ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ၁၃ စင်း ပစ်ချနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုထားပါတယ်။ ဒါပေမယ့် တကယ့်ကိန်းဂဏန်းအစစ်အမှန်နဲ့ ထရမ့် ဖော်ပြတဲ့ ကိန်းဂဏန်းတွေကြား ကွဲလွဲမှုတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လေကြောင်းလိုင်းတွေ အားလုံး ပိတ်ထားရတယ်လို့ အစ္စရေးလေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။
အီရန်နဲ့ စစ်ပွဲစတင်ချိန်ကတည်းက အစ္စရေးလေဆိပ်တွေကို ပိတ်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်တွေကစပြီး အရေးပေါ်လေယာဉ်ခရီးစဉ်တွေ ပျံသန်းခွင့် ရခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ လေဆိပ်အားလုံးကို ပိတ်ထားလိုက်တဲ့အတွက် လေယာဉ်တချို့ဟာ မြေထဲပင်လယ်ကို ဖြတ်ပြီး လှည့်ပတ်ပျံသန်းနေရတယ်လို့ အစ္စရေးမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အီရန်က ပစ်လွှတ်နေတဲ့ ဒုံးကျည်သတိပေးချက်တွေကို အစ္စရေးက သတိပေးနေတဲ့ ကြားကပဲ နှစ်နိုင်ငံ အပစ် အခတ်ရပ်စဲရေး စတင် အသက်ဝင်နေပြီလို့ အီရန်ရုပ်မြင်သံကြားက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။
Ref: AP
ပုံစာ – အီရန်စစ်တပ်ခေါင်းဆောင်တွေရဲ့ သတင်းစာရှင်းလင်းပွဲ။ (၂၃ ဇွန် ၂၀၂၅)