ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တကြောက အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၂၈ ဦးအား ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ မှ တစ်ဆင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်ဟု စုံစမ်းသိရသည်။
ယနေ့ (ဇွန် ၂၄) က သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးလိုက်သူများထဲတွင် ဖိလစ်ပိုင်နိုင်ငံသား ၂၁ ဦးနှင့် နီပေါနိုင်ငံသား ၇ ဦးတို့ပါဝင်သည်ဟု သိရသည်။
ယင်းသို့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအား ကယ်ထုတ်ခြင်းနှင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခြင်းအား ဇန်နဝါရီလကုန်ပိုင်းမှ စတင်လုပ်ဆောင်ခဲ့ပြီး လေးလကျော် အတွင်း နိုင်ငံခြားသား ၉၂၀၀ နီးပါးအား ထိန်းသိမ်းထားနိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်ထိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများအား ကယ်ထုတ် လျက်ရှိပြီး ဇွန်လ ၂၃ ရက်ကလည်း ပြည်ပနိုင်ငံသား ၁၀ ဦးအား ထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။
ယင်းသို့ ထိန်းသိမ်းကယ်ထုတ်ထားသူများထဲမှ ပြည်ပနိုင်ငံသား ၈၉၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ ထိုင်းနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် အတူ ယင်းနယ်မြေများအား ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်း၍ ပို့ဆောင်ပြီး ဖြစ်သည်ဟု စုံစမ်းသိရသည်။
မြဝတီတကျောတွင် ကျားဖြန့်လုပ်ငန်းများအား နှိမ်နှင်းပြီးနောက်တွင် အဆိုပါ လုပ်ငန်းများသည့် ရှမ်းပြည်မြောက်ပိုင်းဘက်ကို ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သူများမှ ပြောသည်။