ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ၌ အလုပ်ခိုင်းစေခံခဲ့ရသည့် အီသီယိုးပီးယားနိုင်ငံသား ၄၉ ဦးအား ထိုင်းနိုင်ငံမှတဆင့် ယနေ့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနယ်မြေများရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အီသီးယိုးပီးယားနိုင်ငံသားများကို မြဝတီဘက်ခြမ်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ မှတဆင့် ကရင်နယ်ခြားစောင့်တပ် BGF က ထိုင်းနိုင်ငံ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
မေလအတွင်းကလည်း အီသီယိုးပီးယားနိုင်ငံသား ၇၈ ဦးအား သက်ဆိုင်ရာနိုင်ငံများထံသို့ လွှဲပြောင်းပေးခဲ့သေးသည်။ အဆိုပါ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်နေသူများအား ၂၀၂၅ ဇန်နဝါရီလကုန်ပိုင်းမှစ၍ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် အဆိုပါ ဒေသများအား ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ ဖော်ထုတ်ထိန်းသိမ်းလျက်ရှိသည်။
မြဝတီနယ်စပ်တလျှောက်က ကျားဖြန့်အွန်လိုင်းငွေဂိုဏ်းများအား စတင်နှိမ်နင်းသည့် ဇန်နဝါရီလကုန်ပိုင်းမှ ဇွန်လ ၂၃ ရက်အထိ လေးလကျော်အတွင်း အဆိုပါဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၉၁၀၀ ကျော်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
၎င်းတို့ထဲမှ ၈၉၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ပြီးဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ထိန်းသိမ်းထားသည့် ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသော ပြည်ပနိုင်ငံသား ၂၀၀ ကျော်အားလည်း ထပ်မံလွှဲပြောင်းပေးအပ်ရန် အဆင်သင့်ဖြစ်နေပြီဟု သိရသည်။