ဂါဇာကမ်းမြောင်ဒေသမှာ သောက်သုံးရေစနစ် ပျက်စီးနေတဲ့အပြင် ဆိုးဆိုးရွားရွား ကြုံနေရတဲ့ မိုးခေါင်တာနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေက ဒေသကို ခြိမ်းခြောက်နေတဲ့အတွက် ကလေးငယ်တေွအသက်ဆုံးရှုံးရနိုင်တယ် လို့ UNICEF က သတိပေးလိုက်ပါတယ်။
ဒါ့အပြင် အကူအညီတွေ တောင်းခံနေတဲ့ ပါလက်စတိုင်းနိုင်ငံသားတွေကို အစ္စရေးဘက်က ပစ်သတ်နေတယ်လို့လည်း ဆေးပညာရှင်တွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းမှာတော့ အကူအညီတွေ စောင့်မျှော်နေကြတဲ့ အနည်းဆုံး လူ ၂၄ ဦးကို ပြီးခဲ့တဲ့ သောကြာနေ့မှာ အစ္စရေးက ပစ်သတ်ခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း လူတွေ သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။
ဂါဇာအလယ်ပိုင်း၊ နူဆီရတ်မြို့ – Nuseirat က အယ်လ် ဩဒါဆေးရုံရဲ့ ဒါရိုက်တာ မာဝန် အဘူ နတ်ဆားကလည်း သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆေးရုံဝန်ထမ်းတွေထဲမှာ ဒဏ်ရာရရှိသူ ၂၁ ဦးနဲ့ သေဆုံးသူ ၂၄ ဦး ရှိခဲ့တယ်လို့ ပြောပါတယ်။
“ရထားတဲ့ ဒဏ်ရာတွေက တော်တော် ပြင်းထန်ပါတယ်။ အများစုက ရင်ဘတ်နဲ့ ဦးခေါင်းတွေမှာ ဒဏ်ရာရခဲ့ကြတာပါ။ ဒဏ်ရာရသူတွေဟာ အထောက်အပံ့တွေ သွားယူခဲ့ကြတဲ့ အလွှာပေါင်းစုံက အမျိုးသမီး၊ ကလေးနဲ့ ငယ်ရွယ်သူတွေ ဖြစ်ကြပါတယ်”လို့ နတ်ဆားက ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ထောက်ပံ့ထားတဲ့ ဂါဇာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖောင်ဒေးရှင်း – GHF စီမံခန့်ခွဲတဲ့ အကူအညီတွေ ဖြန့်ဖြူးရာနေရာတွေ ရောက်ဖို့ ကြိုးစားရင်းနဲ့ပဲ ပါလက်စတိုင်း ရာနဲ့ချီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း သတ်ဖြတ်ခံခဲ့ရပါတယ်။
အစ္စရေးရဲ့ တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းပြည်သူတွေ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး လောင်စာဆီရှားပါးမှုကြောင့် စက်ရေတွင်းက ရေကို စုပ်ယူလို့မရသလို ရေသန့်စင်စက်ရုံတွေလည်း လည်ပတ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ရေဖြန့်ဝေရေးစနစ်တွေ ပျက်စီးခဲ့ရပြီး လက်ရှိအချိန်ထိလည်း ပြန်မပြင်နိုင်သေးတဲ့အတွက် ဂါဇာကမ်းမြောင်ဒေသအတွက် သောက်သုံးရေပြဿနာက အရမ်း ကြီးထွားလာနေတယ် လို့ UNICEF ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ် အယ်လ်းဒါး – James Elder က ပြောပါတယ်။
သောက်သုံးရေပြတ်လပ်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူတွေဟာ ကျန်းမာရေးပြဿနာအပြင် ငတ်မွတ် ခေါင်းပါးမှုပြဿနာကို ပိုပြီး ဆိုးရွားလာစေနိုင်တယ်လို့လည်း အယ်လ်းဒါးက သတိပေးပြောဆိုသွားခဲ့ပါတယ်။