Breaking News: အမေရိကန် အီရန်ကို စတင်ဗုံးကြဲ
အစ္စရေး-အီရန် စစ်ပွဲ ၉ ရက်မြောက်နေ့မှာ အမေရိကန်ရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်လာမှုကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဆိုရှယ်မီဒီယာကနေတဆင့် အတည်ပြုချက်အရ တွေ့ရပါတယ်။
အီရန်နိုင်ငံထဲက နျူကလီးယားစခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ် ဆိုတာကို အမေရိကန်သမ္မတက အတည်ပြုခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဖော်ဒို (Fordow)၊ နာတန်ဇ် (Natanz) နဲ့ အစ္စဖာဟန် (Isfahan) စတဲ့ နျူကလီးယားစခန်းတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အဓိကပစ်မှတ်ဖြစ်တဲ့ ဖော်ဒိုစခန်းကို ဗုံးအပြည့်အစုံနဲ့ ကြဲချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုအပြီးမှာ လေယာဉ်တွေအားလုံး အီရန်လေပိုင်နက်ကနေ ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ထရမ့်ပ်က “အီရန်နိုင်ငံရှိ နျူကလီးယားစခန်းသုံးခုဖြစ်သော ဖော်ဒို (Fordow)၊ နာတန်ဇ် (Natanz) နဲ့ အစ္စဖာဟန် (Esfahan) တို့ကို အောင်မြင်စွာ တိုက်ခိုက်ပြီးစီးပါပြီ။ လေယာဉ်များအားလုံး အီရန်လေပိုင်နက်ပြင်ပသို့ ရောက်ရှိနေပါပြီ။ အဓိကပစ်မှတ်ဖြစ်တဲ့ ဖော်ဒိုစခန်းပေါ်ကို ဗုံးအပြည့်အစုံကို ကြဲချခဲ့ပြီး ဖြစ်ပါတယ်။ လေယာဉ်များအားလုံး ဘေးကင်းစွာ ၎င်းတို့ရဲ့ ဌာနချုပ်သို့ ပြန်လည်ရောက်ရှိနေပါပြီ။ ကျွန်ုပ်တို့ရဲ့ ကြီးမြတ်တဲ့ အမေရိကန်စစ်သည်တော်တွေကို ဂုဏ်ယူပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုလုပ်နိုင်တဲ့ တခြားစစ်တပ် မရှိပါဘူး။ အခုက ငြိမ်းချမ်းရေးအတွက် အချိန်ပါပဲ။ ဒီကိစ္စကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ယက် X မှာ နာရီပိုင်းအတွင်းက တင်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေကြောင့် အီရန်အနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ ပျက်စီးထိခိုက်မှုတွေ ရှိခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်အတိအကျ မသိရသေးပါဘူး။
အီရန်ရဲ့ ဖော်ဒို (Fordow) နျူကလီးယားစခန်းဟာ တောင်တစ်ခုရဲ့ အောက်ဘက်မှာ နက်ရှိုင်းစွာ မြှုပ်နှံထားတဲ့အတွက် တိုက်ခိုက်မှုတွေကနေ ကာကွယ်ထားနိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အမေရိကန်အနေနဲ့ ပေါင် ၃၀,၀၀၀ အလေးချိန်ရှိတဲ့ “ဘန်ကာ ဖျက်ဗုံး” (Bunker Buster Bombs) တွေကို အသုံးပြုခဲ့တယ်လို့ သိရပြီး ဒီဗုံးတွေဟာ မြေအောက်နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတဲ့ ပစ်မှတ်တွေကို ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။
အစ္စရေးက အီရန်ရဲ့ မြေအောက်နျူကလီးယားစခန်းတွေကို ဖျက်ဆီးဖို့အတွက် အမေရိကန်ရဲ့ ဘန်ကာ ဖျက်ဗုံး (Bunker Buster Bombs) တွေ အသုံးပြုဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ သမ္မတ ထရမ့်ပ်က အစ္စရေးနဲ့ အီရန်အကြား ပဋိပက္ခကို ဒီမိုကရေစီနည်းလမ်းနဲ့ ဖြေရှင်းဖို့ အချိန် နှစ်ပတ်ပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူက အီရန်ကို “ခြွင်းချက်မရှိ အရှုံးပေးဖို့” လည်း တောင်းဆိုခဲ့ပါတယ်။
လက်ရှိ အစ္စရေး-အီရန် စစ်ပွဲအတွင်း အစ္စရေးက အီရန်နိုင်ငံထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး အီရန်ဘက်ကတော့ အစ္စရေးကို ပဲ့ထိန်းဒုံးတွေ မပစ်တာ ၂၄ နာရီ ကျော်သွားပြီလို့ နိုင်ငံတကာသတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ဝါရှင်တန်အခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ အဆိုအရ၊ ဇွန်လ ၁၃ ရက်နေ့ကတည်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်မှာ အရပ်သား ၂၈၅ ဦး အပါအဝင် လူ ၇၂၂ ဦး သေဆုံးခဲ့ပြီး ၂,၅၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။ ဒီအမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ဘက်မှာ ထပ်မံ ထိခိုက်မှုတွေ ရှိ၊ မရှိကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပုံစာ – အစ္စရေးလေတပ်မှ F-15 တိုက်လေယာဉ်တစ်စင်း အစ္စရေးတောင်ပိုင်းရှိ Beersheba အပေါ်၌ သောကြာနေ့တွင် ပျံသန်းခဲ့စဉ် (ဓာတ်ပုံ- Abir Sultan/EPA)