ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းရဲဘော်များအား လက်နက် တပ်ဆင်ပေးကာ အမှတ် ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ် တစ်ခုကို တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဇွန်လ ၂၁ ရက်က ထုတ်ပြန်သည်။
စစ်သင်တန်းဆင်းပွဲအား ဇွန်လ ၇ ရက်က တအာင်းပြည် တစ်နေရာတွင် ကျင်းပခဲ့ပြီး NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဌ ခွန်းဘီထူးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
ထို့အပြင် အာရက္ခတပ်တော် (AA) မှ တပ်မှူးတစ်ဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်ဦးစီးချုပ်နှင့် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဌနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူးတို့ တက်ရောက်ခဲ့ကြသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ တက်ရောက်လာသူများမှ မဟာမိတ်ခေါင်းဆောင်များက တော်လှန်ရေးအောင်မြင်ရန် မတူညီသည့် အင်အားစုများနှင့် ညီညွတ်ရန် လိုအပ်ပြီး တော်လှန်ရေးအစုအဖွဲ့များ ဟန်ချက်ညီမှသာ စစ်အာဏာရှင်စနစ်အား အမြန်အဆုံးသတ်နိုင်မည်ဟု ဆွေးနွေးပြောဆိုခဲ့ကြသည်။
ထို့အပြင် စစ်သင်တန်းကာလအတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ခဲ့ပြီး အထူးဆုရရှိသူများထဲမှ လက်ဖြောင့်ဆု ရရှိထားသည့် စစ်မေသည် ၁၀၂၇ စစ်ဆင်ရေးတွင် အသက်ပေးခဲ့သည့် အာဇာနည်ရဲဘော်အောင်ပိုင်၏ ညီမဖြစ်သည်ဟုလည်း အမှတ် (၂၀၃) စစ်ဒေသ ဗျူဟာမှူးက ထုတ်ဖော်ပြောခဲ့သည်။
လက်ရှိအချိန်တွင် BPLA အနေဖြင့် တပ်တည်ဆောက်ရေးဖြစ်သည့် အင်အားတည်ဆောက်ခြင်း၊ တပ်တွင်းအုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ မဟာမိတ်ဆက်ဆံရေးနှင့် လူထုဆက်ဆံရေးလုပ်ငန်းများအား ဦးစားပေးဆောက်ရွှက်လျက်ရှိသည်ဟု ဆိုသည်။
ထို့အပြင် စစ်ရေးအတွက် အင်အားတည်ဆောက်ခြင်း၊ တပ်တွင်းအုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ မဟာမိတ်ဆက်ဆံရေးနှင့် လူထုဆက်ဆံရေးပိုင်းများအားလည်း အလေးထားဆောင်ရွက်နေသည်ဟုလည်း ပြောသည်။
လက်ရှိတွင် မဟာမိတ်အဖွဲ့များနှင့် စစ်ဒေသ သုံးခုစလုံး၌ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်ဟု သိရသည်။








