ရေးပျောက်ကြားတပ်ဖွဲ့ (YGF) မှ ဖွင့်လှစ်သော အထူးချေမှုန်းရေးသင်တန်း အပတ်စဉ် (၂) တွင် တက်ရောက်သော သင်တန်းသား နှစ်ဦး ငှက်ဖျားရောဂါဖြစ်ပွားချိန် ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရသည့်အတွက် သင်တန်းဆရာအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ-၃၃ က ယနေ့တွင် ထုတ်ပြန်သည်။
ထို့သို့ သင်တန်းသား နှစ်ဦး သေဆုံးသွားသည့် အမှုနှင့် ပတ်သက်၍ ဇွန်လ ၃ ရက်မှစပြီး ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ဦးဆောင်၍ သင်တန်းဆရာများ၊ သင်တန်းဆေးတာဝန်ခံနှင့် စားဖိုဆောင်တာဝန်ခံတို့အား ငါးရက်ကြာ အသေးစိတ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်ဆေးစဉ် သင်တန်းဆရာမှ အပြစ်ရှိကြောင်း ဝန်ခံသောကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ချမှတ်သည့်အပြင် သင်တန်းဆရာအဖြစ်မှ ရာသက်ပန် ပိတ်ပင်ခဲ့သည်ဟု ဖော်ပြထားသည်။ ဆေးကုသခွင့်မရ၍ သေဆုံးခဲ့ရသူများမှာ ရဲဘော်ဒိုင်နိုနှင့် ရဲဘော်ဘထက်တို့ဖြစ်ကြသည်။
ရဲဘော်ဒိုင်နိုသည် အဆုတ်အားနည်းခြင်းနှင့် ချောင်းဆိုးသွေးပါ ရောဂါခံရှိသူတစ်ဦးဖြစ်သလို မသေဆုံးခင်အချိန်တွင် ငှက်ဖျားရောဂါဖြစ်ပွားခဲ့သည်ဟု နည်းဗျူဟာ ၃၃ မှ ထုတ်ပြန်ထားသည်။
ရဲဘော်ဒိုင်နိုသည် အဆုတ်တွင်းသို့ ငှက်ဖျားပိုးရောက်ရှိသေဆုံးခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် ရဲဘော်ဘထက်သည်လည်း ငှက်ဖျားရောဂါဖြစ်ပွားနေသည်ကို ဆေးတာဝန်ခံမှ စစ်ဆေးတွေ့ရှိခဲ့သော်လည်း သင်တန်း၏ လေ့ကျင့်ခန်းများကို လုပ်ဆောင်နေရခြင်းကြောင့် အာဟာရချို့တဲ့ကာ မူးလဲကျချိန် ပြင်ပဆေးခန်းနှင့် ဘုရားသုံးဆူဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့ရသည်ဟု နည်းဗျူဟာ ၃၃ က ထုတ်ပြန်ထားသည်။
၎င်းတို့၏ ထုတ်ပြန်ချက်အရ အထူးချေမှုန်းရေးသင်တန်းပြုလုပ်နေရာတွင် သင်တန်းသားအများစုသည် နေရာဒေသနှင့် ရာသီဥတုအခြေအနေများကြောင့် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊ အသဲရောင်အသားဝါရောဂါနှင့် ယားနာရောဂါများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။
ထို့အပြင် သင်တန်းကို သင်ကြားရေးတာဝန်ခံ၊ ဆေးတာဝန်ခံ၊ စားဖိုဆောင်တာဝန်ခံများ၊လုံခြုံရေးအဖွဲ့များနှင့် ဖွဲ့စည်းပို့ချလျက်ရှိပြီး အဆိုပါတာဝန်ရှိသူများ၏ ကျွမ်းကျင်မှု၊ ချင့်ချိန်နိုင်မှုနှင့် စီမံခန့်ခွဲနိုင်မှု အားနည်းချက်များ ရှိနေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။
ယခုဖြစ်စဉ်တွင် သင်တန်းဆရာများသည် ဆေးမှူးနှင့် ညှိနှိုင်းမှု မရှိဘဲ သင်တန်းအချိန်ဇယားအတိုင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်ကို တွေ့ခဲ့ရသည်ဟုလည်း ဆိုသည်။
အဆိုပါ သင်တန်းအား မွန်ပြည်နယ် အခြေစိုက် ရေးပျောက်ကြားတပ်ဖွဲ့မှ ဦးဆောင်၍ မေလဆန်းပိုင်းတွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ပုံစာ-၂၀၂၄၊ ဩဂုတ် ၁၆ ရက်တွင် ဒေါနစစ်ကြောင်းမှသင်တန်းသားများနှင့် ရေးပြောက်ကျားတပ် (YGF) (ဒေါနတပ်ခွဲ-၃) မှ သင်တန်းသားများ (ဓာတ်ပုံ-YGF)