ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ပြီးခဲ့သည့် မေလ တစ်လတာအတွင်း တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈၉၇ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု Spring Revolution Database-SRD သုတေသနအဖွဲ့က ထုတ်ပြန်သည်။
ထိုသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်သူများကို ဖမ်းဆီးရာတွင် မလေးရှားနိုင်ငံတွင် ၁၅၄၈ ဦးနှင့် ထိုင်းနိုင်ငံတွင် ၃၄၉ ဦးတို့ ပါဝင်သည်ဟု သုတေသနအဖွဲ့မှ တာဝန်ရှိသူက အတည်ပြုပြောသည်။
“နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့အချိန် စစ်ဆေးရေးဂိတ်၊ နေအိမ်၊ အဆောက်အအုံတွင်း ဝင်ရောက်ဖမ်းဆီး တောအုပ်အတွင်း ပုန်းခိုနေတဲ့အချိန် ဒီလိုအခြေမနေတွေနဲ့ ဖမ်းဆီးခံရတာပါ။ ရနောင်းဘက်က ပြန်ပို့ခံရရင် ကော့သောင်းအခြေစိုက် ခမရ (၂၆၂)၊ ၊ ခမရ (၃၄၂) ထဲကို တန်းခေါ်သွားတာ များတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံထားရပြီး လွတ်မြောက်လာသူ ၈၁ ဦးအားလည်း မေလ ၂၆ ရက်တွင် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်မှတဆင့် စစ်ကောင်စီထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု ရနောင်းရေကြောင်းထိန်းသိမ်းရေးဌာနမှ ထုတ်ပြန်သည်။
ထိုသို့ ပြန်ပို့ခံရသူများထဲတွင် အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၂၁ ဦး ပါဝင်ပြီး မေလ ၇ ရက်ကလည်း မလေးရှားနိုင်ငံရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသူ မြန်မာ ၉၈ ဦးအားလည်း စစ်ကောင်စီထံသို့ လွှဲပြောင်းပေးခဲ့သည်ဟုသိရသည်။
၂၀၂၄ ခုနှစ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မြန်မာနိုင်ငံတွင်း နေထိုင်သူများအား အတင်းအဓမ္မ ပေါ်တာဆွဲခြင်းများရှိသကဲ့သို့ တရားမဝင်လမ်းကြောင်းများဖြင့် ပြည်ပနိုင်ငံသို့ ရောက်ရှိနေသူများအားလည်း နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းကာ ပြန်လည်ခေါ်ယူ၍ စစ်သားစုဆောင်းလျက်ရှိသည်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီး တစ်နှစ်ကျော်အတွင်း အတင်းအဓမ္မစစ်သားစုဆောင်းကာ စစ်မှုထမ်းအပတ်စဉ် ၁၃ အထိ သင်တန်းပေးပြီးဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ပုံစာ – ထိုင်း-မြန်မာနယ်စပ်တွင် မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား ၂၉ ဦး ဇွန်လ ၁၂ ရက်က ဖမ်းဆီးခံရစဉ်