အိန္ဒိယ-မြန်မာကုန်သွယ်ရေးတွင် အရေးပါသော အာဆီယံလမ်းမကြီးဘေးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ယမန်နေ့ ဇွန် ၁၉ ရက်တွင် သိမ်းပိုက်ခဲ့သည်။
အဆိုပါ စစ်ကောင်စီစခန်းသည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အနောက်ဘက် ၁၄ မိုင်ခန့်အကွာတွင် တည်ရှိပြီး မုံရွာ-ဂန့်ဂေါ-တမူး-အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော အာရှကုန်သွယ်ရေးလမ်းမကြီးဘေး၌ တည်ရှိသည်။
ထို့အပြင် ကန့်ဒေါင့်ရဲစခန်း၏ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်တွင် စစ်ကောင်စီကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃) နှင့် အနောက်တောင်ဘက် ၃၅ မိုင်ခန့်တွင် ကပစ-၂၄ တည်ရှိသောကြောင့် စစ်ရေးမဟာဗျူအရ အရေးပါသည်ဟု PLA ကထုတ်ပြန်ထားသည်။
ကန့်ဒေါင့်ရဲစခန်းသည် ပုလဲမြို့နယ်တွင် ပုလဲမြို့မရဲစခန်းပြီးလျှင် ဒုတိယအကြီးဆုံးရဲစခန်းတစ်ခုလည်းဖြစ်သည်။
စစ်ကောင်စီစခန်းကို PLA မှ ဦးဆောင်၍ ယခုလ ၂ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ပတ်ကျော်အကြာတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲအတွင်းမှ စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရရှိခဲ့သည်ဟု PLA ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က သံလွင်ခက်ကို ပြောသည်။
“သူတို့ အဲဒီထဲမှာ (ကန့်ဒေါင့်ရဲစခန်း) မှာ သေတာတွေလည်းအများကြီးပဲ။ နောက်ထပ်တော့ မသိရသေးဘူး။ သူတို့ ဆုတ်ပြီးတော့ ထွက်ပြေးသွားတာတွေလည်းရှိတယ်။ အဲဒါတွေကတော့ အင်မထီးဘက်က ပျူရွာဘက်က စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ပေါင်းသွားတာပေါ့” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စခန်းမကျဆုံးရေးအတွက် လေကြောင်းမှတဆင့် Mi-35 လေကြောင်းပစ်ကူပေးခဲ့သလို၊ Y-12 ဗုံးကြဲလေယာဉ်များဖြင့် ဗုံးပေါင်းအလုံးရေ ၂၀၀ ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု PLA က ထုတ်ပြန်ပြောဆိုထားသည်။
“၆ နာရီ မိနစ် ၄၀ စခန်းသိမ်းပြီးတော့ ရဲစခန်းထဲကို ဗုံးတွေ ကြဲထားတာရှိတယ်၊ အဲဒီနားတဝိုက် ဗုံးကြဲချ နေရာအတိအကျတော့မသိဘူး။ တနေကုန်တော့ ဗုံးတွေ ကြဲချနေတာရှိတယ်” ဟု ရဲဘော်နီနီကျော်က ပြောသည်။
ဇွန်လ ၁၀ ရက်တွင် စစ်ကောင်စီမှ လေကြောင်းပစ်ကူပေးရန် လာသော F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစ်စီးကို PLA မှ ပစ်ချခဲ့သည်။
တိုက်ပွဲအတွင်း၌ စစ်ကောင်စီမှ လေကြောင်းပစ်ကူများနှင့်အပြင်းအထန် ခုခံခဲ့သလို ကန့်ဒေါင့်ကျေးရွာနှင့် သုံးမိုင်ခန့်အကွာရှိ စစ်ကောင်စီ ပျူစောထီးတပ်များ တပ်စွဲထားသော အင်မထီးကျေးရွာမှတဆင့် Mi-17 ရဟတ်ယာဉ်ဖြင့် ၇ ကြိမ်ထက်မနည်း မြေပြင်စစ်ကူ ပေးပို့ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။
အဆိုပါစစ်ကူစစ်ကြောင်းများကို PLA နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု PLA မှ ထုတ်ပြန်ထားသည်။
တိုက်ပွဲတွင် PLA မှ ဦးဆောင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နှင့် အညာမြေတပ်ပေါင်းစုတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု PLA မှ ထုတ်ပြန်ပြောဆိုထားသည်။
ပုံစာ- ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် PLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-PLA)






