ထိုင်းစစ်တပ်အကြီးအကဲဖြစ်သူက ဒီမိုကရေစီနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာအပေါ် သူရဲ့ကတိကဝတ်တွေကို ထပ်မံဖော်ပြလိုက်ပြီး ထိုင်းစစ်တပ်က နောက်တကြိမ် အာဏာသိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြားမှာ ပြည်သူတွေ စည်းလုံးညီညွတ်ကြဖို့ကိုလည်း သူကတောင်းဆိုလိုက်ပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ တော်ဝင်ထိုင်းစစ်တပ်ဌာနချုပ်မှ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီ က အမျိုးသားလုံခြုံရေးနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ဇွန်လ ၁၉ ရက်မှာထုတ်ပြန်ခဲ့ပြီး အခုလိုပဲတောင်းဆိုလိုက်တာပါ။
ထိုင်းစစ်တပ်ရဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးပါနာ ကလဲ့လော့သွတ် ကလည်း ထိုင်းနိုင်ငံရဲ့လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့လည်း သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ထိုင်း – ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုတွေကြောင့် ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်လာခဲ့ပြီး စစ်တပ်ကအာဏာသိမ်းမလားဆိုတဲ့စိုးရိမ်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်တို့ အကြား ဖုန်းပြောဆိုခဲ့တဲ့ အသံဖိုင်ပေါက်ကြားခဲ့တဲ့အတွက် ထိုင်းဝန်ကြီးချုပ်က ဇွန်လ ၁၉ ရက်မှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။
ထိုင်းပြည်သူတွေ အနေနဲ့ စစ်တပ်အပေါ်ယုံကြည်မှုရှိဖို့ ဗိုလ်ချုပ်ကြီး ပါနာ ကတိုက်တွန်းထားပြီး ဘုရင်ကို နိုင်ငံ့အကြီးအကဲအဖြစ်ထားရှိတဲ့ နိုင်ငံတော်ရဲ့ဒီမိုကရေစီစနစ်အပေါ် သူ့ရဲ့ကတိကဝတ်ကိုလည်း ဗိုလ်ချုပ်ကြီး ပါနာ က ထပ်လောင်းကတိပြုခဲ့ပါသေးတယ်။
ထိုင်းစစ်တပ်အနေနဲ့ လက်ရှိယန္တရားတွေ အတွင်း နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့ အသင့်ရှိ နေတယ်လို့လည်း သူကပြောပါတယ်။
လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေအတွင်း ထိုင်းနိုင်ငံသားတွေ စည်းလုံးညီညွတ်စွာနေထိုင်နိုင်ရေးကို အဓိကဦးစားပေးလုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်ချုပ် ဝင်ထိုင်း ကပြော ပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်လာမှာမဟုတ်ဘူးလို့ တပ်ဖွဲ့တွေက အာမခံထားတယ်လို့ ထိုင်းနိုင်ငံရဲ့ကာကွယ်ရေး ဝန်ကြီး ဖုတ်သမ် ဝီချရာချိုင်း ကလည်း ပြောဆိုထားပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ ဖုန်းပြောဆိုထားတဲ့အသံဖိုင်ပေါက်ကြားပြီးနောက်မှာတော့ ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ အစိုးရအိမ်တော်အနီး ဆန္ဒပြသူတွေက ဇွန်လ ၁၉ ရက်မှာတောင်းဆိုခဲ့ ကြပါတယ်။