ခင်သရဖီဦး
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လယ်သမားများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်သည့် သွင်းအားစုများ၊ လောင်စာဆီနှင့် လယ်ယာအလုပ်သမားစရိတ်များ မြင့်တက်နေခြင်းကြောင့် လယ်မြေဧကများကို လျှော့ပြီး စိုက်ပျိုးနေကြရသည်ဟု လယ်သမားများထံမှ သိရသည်။
လက်ရှိတွင် လယ်သမားများအနေဖြင့် လယ်ယာများအား ဇွန်လဆန်းပိုင်းမှစတင်၍ ထွန်ယက် စိုက်ပျိုးလျက်ရှိသော်လည်း ယခင်ထက် လယ်ဧက လျှော့ချ စိုက်ပျိုးနေသည်ဟု မင်းပြား မှ အသက် ၃၄ နှစ် လယ်သမားတစ်ဦးက ဆိုသည်။ “လုပ်ကိုင်စားသောက်စရာလည်း ဘာအလုပ်မှ မရှိဘူး။ အဲဒါကြောင့် လုပ်နေရတာ။
စပါး တစ်ရာ ရောင်းလိုက်လို့ စက်မှာ လိုအပ်တာ ဝယ်ထည့်လိုက်ရင် ဘာမှ မရလိုက်တော့ဘူး။ လယ်ကလည်း မလုပ်လို့ မဖြစ်လို့ လုပ်ရတာ တစ်ခုပါပဲ။ ကိုယ့်အိမ်သား (မိသားစု) ဝမ်းစာလောက်ပဲ လုပ်တာပါ” ဟု ၎င်းက ဆိုသည်။ လယ်မြေထွက်ယက်ရန်အတွက် လိုအပ်သည့် စက်သုံးဆီ တစ်ဂါလံလျှင် ယခင်က ၃၀၀၀၀ ကျပ်မှ ယခု ၄၀၀၀၀ ကျပ် အထိ ပေါက်ဈေးရှိနေသည်။
ဓာတ်မြေသြဇာဈေးနှုန်းမှာလည်း ရခိုင်ပြည်နယ်အတွင်း ကုန်စည်ရရှိမှုအပေါ် မူတည်၍ တစ်အိတ်လျှင် အနိမ့်ဆုံး ၃ သိန်းကျပ်မှ အမြင့်ဆုံး ၆ သိန်းကျပ်အထိ ပေါက်ဈေးရှိနေသည်ဟု တောင်သူများမှ ပြောသည်။ ထို့ကြောင့် ယခုနှစ် စပါးစိုက်ရာသီတွင် လယ် ၁၀ ဧကခန့်ရှိပါက အများဆုံး ၄ ဧကခန့်သာ စိုက်ပျိုးနိုင်ကြသည်ဟု တောင်သူများ က ဆိုသည်။ ၎င်းလယ်သမားက ဆက်ပြီး ”လယ်တစ်ဧကကို ဆီက ၁၅ ဂါလံလောက် ကုန်တယ်။
အဲဒါတောင် စက်ကောင်းမှ၊ စက်မကောင်းရင် ဂါလံ ၂၀ လောက် ကုန်တယ်။ ဆိုတော့ အကုန်လုံးကို မထွန်နိုင်ဘူး။ စရိတ်စကတွေ များတယ်” ဟု ပြောသည်။ ထို့အပြင် လယ်ယာလုပ်သား ဌားရမ်းစရိတ်များမှာလည်း ယခင်က စိုက်ပျိုးရာသီ သုံးလခန့်အတွက် လုပ်အားခအဖြစ် စပါး တင်း ၁၅၀ ခန့်သာ ပေးရသော်လည်း ယခုနှစ်တွင် စပါး တင်း ၁၈၀ မှ ၂၀၀ နီးပါးအထိ ပေးချေရသည်ဟု တောင်သူများက ပြောသည်။
ထိုသို့ လယ်ယာစိုက်ပျိုးစရိတ်များ မြင့်တက်၍ စပါးဈေးနှုန်းများ မြင့်တက်နေသော်လည်း ရခိုင်ပြည်နယ် ပြင်ပသို့ ကုန်သွယ်ရေး လမ်းကြောင်းများအား စစ်ကောင်စီမှ ပိတ်ထားခြင်းကြောင့် ယခင်နှစ်မှ ဆန်များပင် သိုလှောင်ထားရဆဲ ဖြစ်သည်ဟု တောင်သူများထံမှ သိရသည်။ လက်ရှိ စပါးဈေးကွက်တွင် ပေါ်ဆန်းမွေး တင်းတစ်ရာလျှင် ကျပ်သိန်းနှစ်ဆယ်၊ ရွှေဝါထွန်း တင်းတစ်ရာလျှင် ဆယ်သိန်းကျပ်၊ ကောက်ညှင်းစပါးတင်း တစ်ရာလျှင် ကျပ် ၂၈ သိန်းနီးပါးအထိ ပေါက်ဈေး ရှိနေသော်လည်း ဝယ်ယူသူမရှိပေ။
”စပါးကလည်း ဈေးမရဘူး။ အခုနှစ်မှာတော့ ကောက်ညှင်းကို မထည့်နိုင်ဘူး။ မြေဆီ (ဓာတ်မြေသြဇာ) တွေကလည်း ဈေးကြီးတယ်။ မနှစ်ကလည်း မထည့်လိုက်နိုင်ဘူး။ မြေဆီ တစ်အိတ် သုံးသိန်း၊ စပါးတစ်ရာ ခြောက်သိန်း၊ ခုနစ်သိန်း၊ မြေဆီနှစ်အိတ်ဆိုရင် စပါးတစ်ရာ ကုန်ပြီ။ မြေဆီကလည်း ရှာမရဘူး။ လယ် ခြောက်ဧကလောက်ဆို မြေဆီ သုံးအိတ်လောက် ကြဲရတယ်။ ” ဟု ဆိုသည်။
ရခိုင်တွင် စိုက်ပျိုးမြေ ဧက စုစုပေါင်းမှာ ၁၂၀၀၀၀ ခန့်ရှိပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စပါးစိုက် ဧကမှာ ခြောက်သိန်းခန့်သာရှိခဲ့သည်။ ယခုနှစ်တွင် ထက်ဝက်ခန့် ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ရခိုင်တောင်သူလယ်သမားသမဂ္ဂမှ ခန့်မှန်းထားသည်။