စစ်တွေမြို့ပေါ်၌ ALP စစ်ဦးစီးချုပ်အပါအဝင် အရာရှိ ၃ဦး ပစ်ခတ်ခံရပြီး သေဆုံး
*****************************
ဇန်နဝါရီ ၄၊ ၂၀၂၃ ။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၏ စစ်ဦးချုပ်နှင့် အခြားအရာရှိနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ဇန်နရီလ ၄ရက် ၊ နံနက်ပိုင်းတွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ အကွက် ၁၃ရှိ ဆီဆိုင်လမ်းရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
“ ကျွန်တော်တို့ဆီ ရက်ကွက်က အကြောင်းကြားလာတာက မနက် ၇နာရီခွဲဝန်းကျင်းလောက်မှာ။ သွားကြည့်တဲ့အချိန်မှာ သေနတ်ဒဏ်ရာနဲ့ သေနေတာတွေ့ရတယ်။ သေနတ်နဲ့ပစ်ထားတာက ၆ ချက်လောက်ရှိတယ် ” ဟု စစ်တွေမြို့ လူမှုကူညီရေးအသင်းတာဝန်ရှိက သံလွင်ခက်ကို ပြောသည်။
သေဆုံးသူများသည် ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ တာဝန်ခံတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးခိုင်ကျော်စိုးနှင့် ဗိုလ်ခိုင်သူရိန်တို့ဖြစ်သည်ဟု ခိုင်လုံသည့် ဒေသခံသတင်းအရင်းအမြစ်က သံလွင်ခက်ကို ပြောသည်။
အဆိုပါ ALP အရာရှိများသည် ယနေ့ဇန်နဝါရီလ၄ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်ပြီး ပြန်လာချိန်၌ ဆိုင်ကယ်စီးလာသူများက ကားပေါ်တွင်ပင်အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုကြောင့် ALP အရာရှိများသေဆုံးမှုနှင့် ပတ်သက်၍ ALP တာဝန်ရှိသူများထံ သံလွင်ခက်မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
ALP ပါတီသည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။