ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ၅ဦးကို သတ်ဖြတ်ခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။
ဒီဇင်ဘာလအတွင်း၌ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့များသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာမှ နေအိမ်စုစုပေါင်း ၂၃၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည််ဟု သိရသည်။
ထို့ပြင် စစ်ကောင်စီ နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များက ဂါးဂလော်ရွာကို မီးရှို့ ဖျက်ဆီးနေချိန်အတွင်း၌လည်း ရွာခံအမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးကိုဖမ်းဆီးသွားပြီး အမျိုးသား ၃ဦးကို သတ်ဖြတ်ခဲ့သည်။
” အသက် ၃၀ ဝန်းကျင် အမျိုးသားကတော့ ညှင်းပန်းနှိပ်စက်ဒဏ်ရာနဲ့ အသတ်ခံရတာ၊၊ ကျန် နှစ်ယောက်ကတော့ မီးရှို့သတ်ခံရတာ ” ဟု အလောင်းတွေကိုမျက်မြင်တွေ့ရှိခဲ့သူ ရွာခံတစ်ဦးကပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် အမျိုးသမီး ၂ ဦးကို အခုထိဆက်သွယ်လို့ မရသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
အလားတူ ဇီးပင်သာရွာမှ ဆဋ္ဌမတန်းကျောင်းသား မောင်သုတဇော်သည်လည်း စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု၎င်းက ပြောသည်။
” ဇီးပင်သာရွာက ညပိုင်းဒီတိုင်းဝင်ပစ်ခံရတဲ့သဘောပါ ။ ဒီဇင်ဘာ ၂၀ရက်နေ့ ည ၈နာရီခွဲ ၉နာရီလောက်ဖြစ်မယ်။ မိသားစုလိုက်အိမ်သာနားပုန်းနေတာကို တွေ့သွားပြီး ပစ်ခံရတာပါ ” ဟု အဆိုပါတာဝန်ရှိသူက မောင်သုတဇော်၏ သေဆုံးမှုကို ပြောပြသည်။
ထို့ပြင် ဒီဇင်ဘာလ ၂၄ ရက်တွင် ဂါးဂလော်ရွာအတွင်းသို့စစ်ကောင်စီတပ်သားများ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့ရာ၌ရွာခံ အမျိုးသားတစ်ဦးထပ်မံဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။