ဒီနေ့ ထိုင်းလွှတ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီခေါင်းဆောင် နတ်ထဖောင်း ရွမ်ပညာဝုဒ်က လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။
လက်ရှိထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ တယ်လီဖုန်း ပြောထားတဲ့ အသံဖိုင်ပေါက်ကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး ဒီကနေ့ မနက်ခင်းမှာတော့ ထိုင်းအတိုက်အခံပါတီက တောင်းဆိုလိုက်တာပါ။
မနေ့က ဖြစ်ပျက်ခဲ့တာတွေက ဝန်ကြီးချုပ် ပေတုန်တန်အတွက် နောက်ဆုံးကောက်ရိုးမျှင်ဖြစ်ပြီး သူမရဲ့ နိုင်ငံအုပ်ချုပ်နိုင်စွမ်းအပေါ် လူထုရဲ့ ယုံကြည်မှုတွေ လုံးဝပျက်ပြားစေခဲ့တယ်လို့ သူက ပြောပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ် ပြောဆိုချက်တွေကို တာဝန်ယူဖို့ လိုအပ်ပြီး တာဝန်ယူတဲ့အနေနဲ့ လွှတ်တော်ဖျက်သိမ်းပေးဖို့ကိုပါ ပြည်သူ့ပါတီခေါင်းဆောင် နတ်ထဖောင်း ရွမ်ပညာဝုဒ်က တောင်းဆိုလိုက်တာပါ။ ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုတွေကြောင့် ဖတ်ဖူကြိုင်ထိုင်းပါတီက ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ နုတ်ထွက်ပြီး အတိုက်အခံပါတီအဖြစ် ရပ်တည်လိုက်ပါတယ်။
ဖတ်ချာ့ထိုင်ဖတ်ထနာပါတီကလည်း ညွန့်ပေါင်း အစိုးရအဖွဲ့က နုတ်ထွက်လိုက်ပြီဖြစ်သလို လွှတ်တော်ဒုတိယဥက္ကဋ္ဌလည်း နုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ ကျောင်းသား – ပြည်သူကွန်ရက်ကလည်း ဒီကနေ့မှာ ဝန်ကြီးချုပ် အစိုးရအဖွဲ့ ရုံးလာတဲ့ လမ်းမှာ ဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံရေးရေချိန်က အမြင့်ဆုံးအနေအထားကို ရောက်နေတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေအနေနဲ့ သတိထားပြီး နေကြဖို့ ထိုင်းနိုင်ငံရေးလေ့လာနေသူတွေက သတိပေးထားပါတယ်။