ခင်သရဖီဦး
စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများတွင် လတ်တလော စစ်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း လေကြောင်းမှ မကြာခဏ ဗုံးကြဲနေသည့်အတွက် စာသင်ကျောင်းများအား မဖွင့်လှစ်နိုင်ဘဲ အိမ်စာသင်ဝိုင်းများဖြင့်သာ ပညာသင်ကြားနေရသည်ဟု ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
စစ်ကောင်စီအနေဖြင့် ယခင်က အစိုးရရုံးစိုက်ခဲ့ရာ အစိုးရဌာနရုံးများ၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများအား ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်မှုများရှိနေသည့်အတွက် ကျောင်းများ ဖွင့်ရန် အခက်အခဲရှိနေခြင်းဖြစ်သည်ဟု ပေါက်တောမြို့နယ်မှ အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးက ပြောသည်။
“မိဘတွေကလည်း စိုးရိမ်တယ်။ ကျွန်မတို့ ကိုယ်တိုင်ကလည်း လုံခြုံမှု မရှိဘူး။ လေယာဉ်သံ ကြားရင် ကြောက်နေရတယ်။ နောက်ပြီး ကျောင်းဆောင်တွေ မရှိတာတွေလည်းရှိတယ်။ ကျောင်းဆောင်တွေ မရှိရင် ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ဖို့ဆိုရင်လည်း သူတို့က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို အဓိက ပစ်မှတ်ထားနေတော့ စိုးရိမ်တာပေါ့'” ဟု ၎င်းက ဆိုသည်။
ထို့အပြင် တခြားပြုပြင်ရန် မလိုအပ်သည့် ကျောင်းဆောင်များတွင်လည်း စစ်ဘေးရှောင်များ ခိုလှုံနေကြရသည့်အတွက် စာသင်ကြားရန် နေရာအဆင်မပြေမှုများလည်း ရှိနေသည်။
၎င်းဆရာမက ဆက်ပြီး “အခုကတော့ အိမ်စာသင်ဝိုင်းတွေ လုပ်ပြီး အတန်းလိုက် သင်ကြားပေးတာတွေရှိတယ်။ မိုးရာသီဆိုတော့ အိမ်တွေမှာလည်း စာသင်ကြားရေးအပိုင်းမှာ သိပ်အဆင်မပြေဘူး။ မှောင်တယ်။ ဆိုတော့ အခက်အခဲကတော့ များပါတယ်” ဟု ပြောသည်။
တစ်ဖက်တွင်လည်း ကျောင်းအသုံးပြုစာအုပ်နှင့် အထောက်အကူပြု ပစ္စည်းများအား ဝယ်ယူနိုင်ရန် ခက်ခဲသည့်အတွက် စစ်ဘေးရှောင် ကလေးငယ်များမှာ စာသင်ကြားရေးပိုင်တွင် အခက်အခဲရှိနေသည်ဟု ရသေ့တောင်မှ အသက် ၄၀ အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုသည်။
”အခုကတော့ ကျောင်းတွေကို စီစဉ်ပေးနိုင်တယ်ဆိုရင်လည်း စာအုပ်နဲ့ ကျောင်းသုံး အထောက်အကူပြုပစ္စည်းတွေ လိုအပ်နေပါတယ်။ တစ်ဖက်ကလည်း လေကြောင်း အန္တရာယ်ကို စိုးရိမ်တာကြောင့်လည်း ကျောင်းတွေ မဖွင့်နိုင်ဘဲ ဖြစ်နေတာပါ” ဟု ၎င်းက ပြောသည်။
ကျောင်းသားများအား မြို့နယ်အလိုက် ကျောင်းအပ်လက်ခံပြီး စာသင်ဝိုင်းများကို အဆိုပါ မြို့နယ်တွင် သင့်လျော်သည့် နေရာများ၌ စုပေါင်းသင်ကြားပေးလျက်ရှိသည်။
ထို့အပြင် အတန်းတင်စာမေးပွဲအား မြို့နယ်အဆင့်မှ ကြီးကြပ်စစ်ဆေးပေးပြီး သာလွန်ထူးချွန်၊ ထူးချွန်၊ သင့်၊ သာမာန်၊ အောင် စသည်ဖြင့် အဆင့် သတ်မှတ်ကာ အောင်စာရင်းထုတ်ပေးလျက်ရှိသည်။
အဆိုပါ ကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသားများအနေဖြင့် တစ်လလျှင် မူလတန်းကျောင်းသားတစ်ဦးကို စာသင်စရိတ် ၁၅၀၀၀ ကျပ်၊ အလယ်တန်းကျောင်းသား တစ်ဦးကို ၅၀၀၀၀ ကျပ်၊ အထက်တန်းကျောင်းသားတစ်ဦးကို ၉၀၀၀၀ ကျပ်ခန့်အထိ ပေးရသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။
ထို့အပြင် ကျောင်းသား ငါးယောက်ရှိသည့် အိမ်တွင် သုံးယောက် အတွက်သာ ပညာသင်ကြေးပေးဆောင်ရပြီး ကျောင်းသား သုံးယောက်ရှိသည့် အိမ်တွင် နှစ်ယောက်အတွက်သာ ပညာသင်ကြေးပေးဆောင်ရကာ အတန်းငယ်သည့် ကျောင်းသားတစ်ဦးအတွက် ပညာသင်ကြေး ကင်းလွတ်ခွင့်ပြုထားသည်ဟု သိရသည်။
လက်ရှိ ရခိုင်တွင် ယခင်က ပညာသင်ကြားရေးစနစ်အတိုင်း သင်ကြားနေဆဲဖြစ်ပြီး AA အနေဖြင့်လည်း ပညာရေးစနစ် လည်ပတ်နိုင်ရန် ဆရာ၊ ဆရာမဝန်ထမ်းများ ခေါ်ယူနေသော်လည်း စနစ်တကျ လည်ပတ်နိုင်ရန်နှင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန် လေကြောင်းအန္တရာယ်စိုးရိမ်မှု အပါအဝင် အခက်အခဲများရှိနေသည်ဟု သိရသည်။
ထိုသို့ ယခင်ပညာရေးစနစ်ကျင့်သုံးနေဆဲဖြစ်ခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားသည့် ရခိုင်တွင် ကျောင်းသုံးပုံနှိပ်စာအုပ် ပြတ်လတ်မှုများရှိနေပြီး ဈေးနှုန်းမှာ မူလတန်းစာအုပ် တစ်တွဲလျှင် ပျှမ်းမ ၅၀၀၀၀ ကျပ်၊ အလယ်တန်းစာအုပ် တစ်တွဲလျှင် ပျှမ်းမ ၇၀၀၀၀ ကျပ်၊ အထက်တန်း စာအုပ်တစ်တွဲလျှင် ပျှမ်းမ ၁၂၀၀၀၀ ကျပ်အထိ မြင့်တက်လျက်ရှိသည်။