မြန်မာနိုင်ငံမှာ ဇွန်လအတွင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် တဖြည်းဖြည်းမြင့်တက်လာနေပြီး ဇွန်လ ၈ ရက် ည ၈ နာရီကနေ ဇွန်လ ၁၅ ရက် ည ၈ နာရီအထိ ကိုဗစ် – ၁၉ အတည်ပြုလူနာသစ် ၅၂ ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
တစ်ပတ်တာအတွင်း ဓာတ်ခွဲနမူနာ ၂,၂၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ မွန်ပြည်နယ်မှာ ၂၄ ဦး၊ ရန်ကုန်တိုင်းမှာ ၁၇ ဦး၊ မကွေးတိုင်းမှာ ခုနစ်ဦး၊ မန္တလေးတိုင်းမှာ နှစ်ဦး၊ နေပြည်တော်မှာ တစ်ဦးနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ တစ်ဦးတို့မှာ ပိုးတွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဇွန်လ ပထမနှစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာအရေအတွက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်း တဖြည်းဖြည်း တက်လာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန – CDC က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လပထမပတ်မှာ ကိုဗစ် – ၁၉ အတည်ပြုလူနာ ၃၁ ဦး တွေ့ရှိခဲ့ပြီး ဒုတိယအပတ်မှာတော့ ၅၂ ဦး ထပ်မံတွေ့ရှိခဲ့တာကြောင့် ပိုးတွေ့ရာခိုင်နှုန်း ၂ ဒဿမ ၂၈ ရာခိုင်နှုန်း ရှိလာခဲ့တာပါ။
လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရတဲ့ လူနာနဲ့ ကိုဗစ်ကြောင့် သေဆုံးလူနာမရှိသေးဘူးလို့လည်း CDC ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုထိဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံထားသူ စုစုပေါင်း ၁၀၉ ဦးအထိ ရှိလာပါပြီ။
လက်ရှိပြန့်ပွားနေတဲ့ ကိုဗစ်မျိုးကွဲသစ်က မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံအများအပြားမှာလည်း ကူးစက်နေပြီး အရင်ဖြစ်ခဲ့တဲ့ ကိုဗစ်လို ပြင်းထန်မှုမရှိပေမယ့် ရောဂါကူးစက်မှုနှုန်းမြန်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် HIV ကူးစက်မှုအသစ် တွေ့ရှိရတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ မြန်မာနိုင်ငံလည်း မှတ်တမ်းဝင်လာတယ် လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ ပြုလုပ်ခဲ့တဲ့ Declaration of Commitment on HIV/AIDS အကောင်အထည်ဖော်ဆောင်မှုနှင့် HIV/AIDS နိုင်ငံရေးကြေညာစာတမ်းဆွေးနွေးမှုမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တာပါ။
ကျန်းမာရေးစောင့်ရှောက်မှုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက နိုင်ငံ့ဂျီဒီပီရဲ့ ၀ ဒဿမ ၅ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိကိုသာ ကျန်းမာရေးကဏ္ဍအတွက် သုံးစွဲနေတယ်လို့ သိရပါတယ်။