ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်၊ မဲဆောက်မြို့အတွင်း တရားမဝင်နိုင်ငံခြားသား ဖမ်းဆီးစစ်ဆေးအရေးယူသည့် စီမံချက်ကို တကျော့ပြန် ပြန်လည်စတင်သောကြောင့် မြန်မာနိုင်ငံသားများ စိုးရိမ်မှုမြင့်တက်နေသည်ဟု သိရသည်။
အဆိုပါစီမံချက်ကို ထိုင်းအစိုးရ၏ အထူးစီမံချက် ကွာလန်းဟု ခေါ်ပြီး ဇွန်လ ၁၇ ရက်မှ စတင်သည်ဟု သိရသည်။ အထောက်အထားမရှိသူ၊ ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသည့် အလုပ် ၂၇ မျိုးကို လုပ်ကိုင်သည့် နိုင်ငံခြားသားများအား ဖမ်းဆီးစစ်ဆေးခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဌ ဦးမိုးကြိုးက ဆိုသည်။
၎င်းက “ကန့်သတ်ထားတဲ့ အလုပ်တွေလုပ်တဲ့ နိုင်ငံခြားသားအလုပ်သမားကို ဖမ်းမိရင် ငါးထောင်ဘတ်ကနေ ငါးသောင်းဘတ်အထိ ပေးဆောင်ရမယ်။ ပြီးတော့ သူ့ရဲ့ Workpermit (အလုပ်လုပ်ခွင့်) ကို နှစ်နှစ် ဆိုင်းငံ့ခံရမယ်။ ပြီးတော့ မိခင်နိုင်ငံဆီပြန်ပို့ခံရမယ်” ဟု ပြစ်ဒဏ်များနှင့်ပတ်သက်၍ ပြောသည်။
ထို့အပြင် Workpermit မရှိသည့် အလုပ်သမားများကို ငှားရမ်းခိုင်းစေသော ထိုင်းအလုပ်ရှင်ဆိုလျှင်တော့ ဘတ် တစ်သောင်းမှ တစ်သိန်းအထိ ပေးဆောင်ရနိုင်ပြီး အလုပ်သမား ငှားရမ်းခွင့်ကိုပါ ၃ နှစ်အထိ ပိတ်ခံရနိုင်သည်ဟု သိရသည်။
ဒေသခံထိုင်းနိုင်ငံသားများကိုလည်း တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများနှင့် ပတ်သက်၍ အချက်အလက်များကိုပေးရန်လည်း ထိုင်းအစိုးရက တိုက်တွန်းထားသောကြောင့် ထိုင်းနိုင်ငံသားများဘက်မှလည်း တိုင်တန်းမှုရှိသည်ဟု ရွှေ့ပြောင်းမြန်မာအလုပ်သမားများထံမှ သိရသည်။
ပျံကျဈေးရောင်းနေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက “ပုံမှန်တောင်မှပဲ သတိထားသွားလာနေရတယ်။ အထောက်အထားစုံတာတောင်မှပဲ။ အခုလိုအခြေအနေမျိုးမှာ ဖမ်းတယ် စီးတယ်ဟေ့ဆိုတော့ စိုးရိမ်ရတာပေါ့။ ဈေးသွားပြီးတော့ ဈေးယူမယ်ဆိုတာတောင်မှပဲ အခြေအနေကို ကြည့်ရတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “အပေါင်းအသင်းသူငယ်ချင်းတွေကို လှမ်းမေးရတယ်။ ဈေးရောင်းပြီဆိုတော့လည်း ဒီလိုထိုင်ပြီးတော့ အေးအေးဆေးဆေး ရောင်းလို့ မရဘူး။ ဘေးပတ်ဝန်းကျင် ဘယ်ညာ အရိပ်အခြေကို ကြည့်ပြီးတော့ စိုးရိမ်ပူပန်နေရတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ ရောင်းနေရတယ်ပေါ့ကွာ။ ပြီးတော့ ကြောက်တာပေါ့၊ ပိုက်ဆံမှာရယ် နောက်တစ်ခုက ဥပဒေအတိုင်း လုပ်မယ်ဆို ဟိုဘက်ကမ်း ပြန်သွန်ပြီး စကစလက်ထဲ ပြန်ထည့်မှာကိုကြောက်တာပေါ့” ဟု ဆိုသည်။
ယခု စီမံချက်ကို ထိုင်းအစိုးရ ဖွဲ့စည်းထားသည့် ထိုင်းလဝက၊ ထိုင်းမှုခင်းရဲ၊ နယ်ခြားစောင့်၊ မြို့စောင့်တပ်၊ ထိုင်းအလုပ်အကိုင် နေရာချထားရေးဦးစီးဌာနများက လုပ်ဆောင်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ဇွန်လ ၁၃ ရက်အထိ ကွာလန်းစီမံချက်အား အလုပ်သမားဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အလုပ်သမား ၄၄၀၀ ကျော်ကို ဖမ်းဆီးထားပြီး ယင်းထဲမှ ၄၁၇ ဦးကို တရားရုံးတင်ကာ ပြစ်ဒဏ်များ ချမှတ်ထားပြီး ဖြစ်သည်ဟု သိရသည်။
အဆိုပါအထူးစီမံချက်ကွာလန်းကို ထိုင်းနိုင်ငံအတွင်း တစ်နှစ်လျှင် နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ် လုပ်ဆောင်လေ့ရှိပြီး ယခုနှစ် ၂၀၂၅ ဇွန်လ ၁၃ ရက်အထိ တာ့ခ်ခရိုင်အပေါ်ဘက် ဘန်ကောက်မြို့များသို့ လုပ်ဆောင်ခဲ့ကာ ယခုလ ၁၇ ရက်မှစတင်၍ တာ့ခ်ခရိုင်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပုံစာ – ထိုင်းအစိုးရအဖွဲ့မှ စစ်ဆေးမှုပြုလုပ်စဉ် မြင်တွေ့ရသည့်မြင်ကွင်း။ (ဓာတ်ပုံ – ပေးပို့)