ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက အိမ်ထောင်စု ၂၀၀ ကျော်ရှိသည့် စစ်ရှောင်စခန်းတစ်ခုသည် ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေများစီးဆင်းလာခြင်းကြောင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။
ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက “တောင်ကျရေဆင်းတာကြောင့် တချို့နေရာတွေမှာဆိုရင် အားလုံးနစ်မြုပ်သွားပါပြီ။ စစ်ရှောင်စခန်းထဲမှာ ၈၀ ရာခိုင်နှုန်းအထိ ရေနစ်မြုပ်သွားပြီလို့ ပြောလို့ရပါတယ်။ ညအိပ်ဖို့တောင် အခက်အခဲ ဖြစ်နေပါတယ်။ ရေမမြုပ်တဲ့ နေရာတွေမှာလည်း မိုးရေတွေကြောင့် စိုစွတ်နေပါတယ်။ မိုးကြီးပြီး တောင်ကျရေ ဆင်းတာကြောင့် ရေကြီးတာဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် စစ်ရှောင်စခန်းအတွင်းတွင် အနည်းဆုံး ခြေသလုံးမှ ခါးအထိ ရေနစ်မြုပ်နေပြီး မနစ်မြုပ်သည့် နေရာများတွင်လည်း မိုးရေများနှင့် စိုစွတ်နေသောကြောင့် စစ်ရှောင်စခန်းအတွင်း နေထိုင်သူတွေရဲ့ အိမ်သုံးပစ္စည်းတွေကို ပြောင်းရွှေ့ဖို့ အခက်အခဲရှိနေသည်ဟု သိရသည်။
“လက်ရှိအချိန်အထိတော့ ရေအရမ်းမြုပ်တဲ့ နေရာမှာ နေထိုင်နေကြတုန်းပါပဲ။ ရေကျမလားတော့ စောင့်ကြည့်နေပါတယ်။ ဒီထက် ရေများလာရင်တော့ ဘေးလွှတ်ရာ တစ်ခုခုကို ရွှေ့ပြောင်းဖို့ ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် တောင်ကျရေကျဆင်းလာခြင်းကြောင့် ပြောင်းရွှေ့ရမည့် အခြေအနေအား စောင့်ကြည့်နေရဆဲ ဖြစ်ပြီး စားသောက်ရေးအတွက်လည်း မပြင်ဆင်နိုင်သေးဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
“မနက်စာတော့ ဘယ်သူမှ မစားရသေးဘူး။ ညနေစာတော့ တခြားနေရာက ချက်ပြီးပို့ဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ စစ်ရှောင်စခန်းတစ်ခုလုံးနီးပါး ရေနစ်မြုပ်နေသောကြောင့် အရေးပေါ် အကူအညီ လိုအပ်လျက်ရှိပြီး ကူညီပေးကြရန် ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှ တိုက်တွန်းနှိုးဆော်ထားသည်။
အဆိုပါ စခန်းမှ စစ်ရှောင်များသည် ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများ စတင်သည့် ၂၀၂၃ ခုနှစ်မှ စတင်၍ နေရပ်စွန့်ခွာ လာကြသူများဖြစ်ပြီး လက်ရှိအချိန်ထိ မိမိနေရပ်သို့ မပြန်နိုင်ကြသေးပေ။
ကူညီလှူဒါန်းလိုသူများအနေဖြင့် –
K pay-09896096269 (Myat Thazin) , wave pay- 09423259115 (Pyae Phyo Naing) , Page CB (or)Telegram ကနေတစ်ဆင့် လှူဒါန်းနိုင်ပါသည်။
ဆက်သွယ်ရန် – Ponnagyun Youths Association -PYA CB Telegram phone number-09692393755 (Ponnagyun Youths Association – PYA), Viber phone number – 09661485593 ( Ponnagyun Youths Association – PYA )