ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်ဖို့ တစ်ရက်အလိုမှာပဲ တရားရုံးထဲမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ သူမရဲ့ နေ့စဉ်ထောင်ဘဝ အသေးစိတ်မှတ်တမ်းတွေကို Guardian သတင်းစာက ထုတ်ဖော်ခဲ့ပါတယ်။
ဒါဟာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာစသိမ်းချိန်ကနေ ၄ နှစ်ခွဲအကြာမှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အနည်းအကျဉ်း မြင်ရကြားရတာလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သူမကို အထီးကျန်ချုပ်နှောင်ထားပြီး ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မှုကို တင်းကြပ်စွာ ထိန်းချုပ်ထားကာ သူမရဲ့ ရှေ့နေအဖွဲ့နဲ့ ကြီးကြပ်မှုအောက်ကနေသာ တွေ့ဆုံခွင့် ပေးထားတယ်လို့ သိရပါတယ်။
၂၀၂၂ ဩဂုတ်လနဲ့ ဒီဇင်ဘာလက ရက်စွဲပါတဲ့ ဗီဒီယိုတွေထဲ စစ်တပ်က ပြုလုပ်တဲ့ လာဘ်စားမှုနဲ့ စွပ်စွဲခံထားရတဲ့ တရားခွင်မှာ သမ္မတ ဦးဝင်းမြင့်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ရုံးတင်ခံနေရတာကို မြင်တွေ့ရပါတယ်။
ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂက နိုင်ငံရေးရည်ရွယ်ချက်ရှိတယ်လို့ ရှုတ်ချခဲ့တဲ့ ဒီတရားစွဲမှုတွေက သူမကို ၃၃ နှစ် ထောင်ဒဏ် ကျခံစေမှုကို ဖြစ်စေခဲ့ပါတယ်။
သူမရဲ့ အခြေအနေနဲ့ လက်တွေ့ဘဝကို အလင်းပေးတဲ့ ဒီဗီဒီယိုတွေနဲ့ စာရင်းတွေကို စစ်တပ်ကနေ ဘက်ပြောင်းလာသူများ ပါဝင်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ က Guardian ကို ပြသခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ကျန်းမာရေး ဆိုးရွာစွာ ယိုယွင်းလာပြီး အသက်အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေက မိသားစုဝင်တွေနဲ့ ထောက်ခံသူတွေမှာ ရှိနေပါတယ်။
၂၀၂၄ အစောပိုင်းမှာ သူမကို နောက်ဆုံးတွေ့ခဲ့ရတဲ့ အကျဉ်းထောင် သတင်းရင်းမြစ်တဦးကတော့ ဒီမှတ်တမ်းတွေဟာ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
“သူမရဲ့ အသံနဲ့ လမ်းလျှောက်ပုံက မပြောင်းလဲဘူး” လို့ သတင်းရင်းမြစ်က ပြောပါတယ်။ “သူမ ဆံပင်မှာ ပန်းတွေ ပန်ထားတာတော့ မရှိတော့ဘူး” လို့လည်း ဆိုထားပါတယ်။
မှတ်တမ်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပြီး ရောဂါကြောင့် မဟုတ်ဘဲ အာဟာရချို့တဲ့မှု၊ နေရောင်ခြည်မရရှိမှု၊၊ ရေဓာတ်ခန်းခြောက်မှုနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ ပူပြင်းတဲ့ နွေရာသီမှာ အပူလွန်ရောဂါ ဖြစ်နိုင်ခြေတွေက ကျန်းမာရေးကို ပိုဆိုးရွားစေနိုင်တယ်လို့ ဆန္ဒပြသူတွေကို ကုသပေးတာကြောင့် ထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်း ဒေါက်တာအောင်ကျော်ကလည်း ပြောပါတယ်။
မှတ်တမ်းတွေအရ ဒေါ်အောင်ဆန်းစုကြည် နေရတဲ့ အခန်းတွင်း အပူချိန်ဟာ အနည်းဆုံး ၃၁ ဒီဂရီစင်တီဂရိတ်အထိရှိတတ်တယ်လို့ သိရပါတယ်။ ဒ
ါကြောင့် ထောင်တွင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ကိုဗစ်-၁၉၊ တီဘီရောဂါနဲ့ အရေပြားရောဂါတွေအတွက် အထူးခံနိုင်ရည်နည်းနိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်ရက်တာဟာ မနက် ၄း၃၀ နာရီကနေ စပြီး ည ၈း၃၀ နာရီဝန်းကျင်မှာ ပြီးဆုံးတယ်လို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။
နံနက်တိုင်း တစ်နာရီခွဲကျော် တရားထိုင်ပြီး ညနေဘက် အခန်းပတ်လည် လမ်းလျှောက်ကာ လေ့ကျင့်ခန်းလုပ်လေ့ရှိကာ တစ်နေ့တာကို ဆုတောင်းပုတီး ကိုင်ထားရင်း ကုန်ဆုံးလေ့ရှိတယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့လည်စာဟာ “ထမင်း နှစ်ဇွန်း၊ ကြက်သား၊ ငါးသားလုံးစွပ်ပြုတ်၊ ချောကလက် နှစ်ခုနဲ့၊ နဂါးမောက်သီး အနည်းသာကသာ တစ်နေ့တာ အများဆုံး အစားအစာဖြစ်ပြီး မနက်စာက ကြက်ဥကြော်၊ နေ့လည်စာအတွက် ထမင်း၊ အသား ဒါမှမဟုတ် ငါး အနည်းငယ်၊ ညစာအတွက် စွပ်ပြုတ်နဲ့ ပေါင်မုန့်တွေသာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖမ်းဆီးခံရချိန်ကတည်း စစ်ကောင်စီရဲ့ သတင်းစာတွေကိုသာ ဖတ်ရှုရပြီး ပြည်တွင်းစစ်အကြောင်း အနည်းငယ်သာ သိရှိခွင့်ရတယ်လို့လည်း သိရပါတယ်။