KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဇနီး ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဌဟောင်း ပဒိုနော်လားဖိုး၏ နာရေးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မဲဆောက်မြို့နယ်၊ မဲ့ကစာခရစ်ယာန်သုသာန်တွင် ထုံးတမ်းဓလေ့များဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်း၏ ကျန်ရစ်သူမိသားစု၊ မိတ်ဆွေများနှင့် ကရင်လူထုမှ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
KWO ဥက္ကဌဟောင်း ပဒိုနော်လားဖိုးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၎င်း ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီဖြစ်သည်။
ပဒိုနော်လားဖိုးသည် ၁၉၈၅ ခုနှစ်မှစတင်၍ ၂၀၁၂ ခုနှစ်အထိ ၂၇ နှစ်အကြာ KWO တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဥက္ကဌအဖြစ် ခြောက်ကြိမ်တိုင် တာဝန်ယူထမ်းဆောင်ခဲ့သည်။
ထို့အပြင် KWO တွင် ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်နေစဉ်ကာလအတွင်း၌ပင် KNU ၏ အမြဲတမ်းအမှုဆောင်ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
ပဒိုနော်လားဖိုးသည် ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီးရေးရာကိစ္စများတွက် တက်တက်ကြွကြွ ပါဝင်ဝင်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သောကြောင့် ကရင်လူထုအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်သည်ဟု နီးစပ်သူများမှ မှတ်ချက်ပြုပြောသည်။
သတင်း- မောင်လှိုင်း
ဓါတ်ပုံ- ကိုနီတာ













