
ခိုမေနီ ကိုသတ်မယ့်အစီအစဉ်က ကောင်းတဲ့စိတ်ကူးမဟုတ်ဘူးလို့ ထရမ့်က အစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုကို ပြောဆိုထားတယ်လို့ အရာရှိ ၁ ဦးကပြောပါတယ်။ ထရမ့်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးလူသိရှင်ကြားပြောဆိုတာမျိုး မရှိသေးပါဘူး။ပြီးခဲ့တဲ့သောကြာနေ့မှာ အစ္စရေးက အီရန်ကိုတိုက်ခိုက်ပြီးနောက်မှာပဲ သူတို့ ၂ ဦးကြားအခုလိုပြောဆိုမှုတွေ ရှိခဲ့တာပါ။
Fox သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ အယာတိုလာခိုမေနီကိုသတ်ဖြတ်မယ့်အစီအစဉ် အပေါ်ထရမ့်က ဗီတိုအာဏာသုံးပြီးပယ်ချခဲ့တယ်ဆိုတဲ့ မှတ်ချက်အပေါ် နေတန်ညာဟု ကအတည်ပြုတာမျိုး မရှိသလို ငြင်းပယ်တာမျိုးလည်းမရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ရက်တွေကစလို့ အစ္စရေးက အီရန်ရဲ့ နျူကလီးယားအဆောက်အအုံတွေနဲ့စစ်ဘက်ထိပ်တန်းအရာရှိ တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် အီရန်ဘက်ကပြန်ပြီးတုံ့ပြန်တဲ့အနေနဲ့ အစ္စရေးကို ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။
အီရန်ကိုအစ္စရေးကတိုက်ခိုက်လာရင် ဒေသတွင်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်သွားမယ်လို့ အီရန်က အစောပိုင်းတုန်းကကြွေးကြော်ထားပေမယ့် အစ္စရေးနဲ့ပဋိပက္ခတွေ ဆက်ပြီးကြီးထွားမလာစေချင်ဘဲ ကိုယ့်ကိုယ်ကိုယ်သာ ခုခံကာကွယ်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်တွေအထိ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်နေခဲ့ကြပေမယ့် မကြာခင်ငြိမ်းချမ်းရေးရသွားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထားပါတယ်။ဒါပေမယ့်လည်း နှစ်နိုင်ငံအကြားတိုက်ခိုက်မှုတွေက မကြာခင်ရပ်တန့်သွားမယ့်ပုံတော့မရှိပါဘူး။