မြဝတီမြို့နယ်တလျှောက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား ၁၃၄ ဦးအား ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) မှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဇွန်လ ၁၇ ရက်တွင် လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
မြဝတီတလျှောက်ရှိ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး နယ်မြေများအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် ဗီယက်နမ်နိုင်ငံသား ၇၀ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၅၆ ဦး၊ ကင်မရွန်းနိုင်ငံသား ခြောက်ဦးနှင့် ဂါနာနိုင်ငံသား နှစ်ဦးတို့အား ကရင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့ BGF မှ ထိုင်းနိုင်ငံတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်နေသူများအား ၂၀၂၅ ဇန်နဝါရီလကုန်ပိုင်းမှစ၍ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် အဆိုပါ ဒေသများအား ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ ဖော်ထုတ်ထိန်းသိမ်းလျက်ရှိသော်လည်း ယင်းလုပ်ငန်းများမှာ အခြားဒေသများသို့ ရွှေ့ပြောင်းလည်ပတ်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နယ်မြေများတွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံသားများအား ထိန်းသိမ်းနိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့သည်။
မြဝတီနယ်စပ် တလျှောက်က ကျားဖြန့်အွန်လိုင်းငွေဂိုဏ်းများအား စတင်နှိမ်နင်းသည့် အချိန် ဇန်နဝါရီလကုန်ပိုင်းမှ ဇွန်လ ၁၇ ရက်အထိ လေးလကျော်အတွင်း အဆိုပါဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၉၁၀၀ ကျော်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
၎င်းတို့ထဲမှ ၈၉၀၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ပြီးဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ထိန်းသိမ်းထားသည့် ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသော ပြည်ပနိုင်ငံသား ၂၃၀ အားလည်း ထပ်မံလွှဲပြောင်းပေးအပ်ရန် အဆင်သင့်ဖြစ်နေပြီဟု သိရသည်။