ယနေ့ ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် ဖားကန့်မှ ဒေသခံ နှစ်ဦး ထပ်မံပစ်ခတ်ခံရပြီး တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံအချို့ထံမှ သိရသည်။
ဖားကန့်တွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက “ဒီမနက်ကဟာလည်း ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး။ ဒီနေ့ နှစ်ယောက် ပစ်ခံရတယ်။ တစ်ယောက် သေတယ်” ဟု အတည်ပြုပြောသည်။
ထို့အပြင် ယနေ့ လမ်းမပေါ်တွင် သေဆုံးနေသည့် ရုပ်အလောင်းအား မည်သည့်အဖွဲ့အစည်းမှ ပစ်ခတ်ခဲ့သည်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းအမျိုးသားက ဆိုသည်။
ဖားကန့်ဒေသသို့ စစ်ကောင်စီက မေလ ၂၈ ရက်မှ စတင်၍ ဒေသခံများအား လူသားဒိုင်းလုပ်ကာ စစ်ကြောင်းစတင် ထိုးလာခဲ့သည်။
ထိုသို့ စစ်ကြောင်းစထိုးသည့် မေလ ၂၈ ရက်မှ ဇွန်လ ၁၆ ရက်အထိ အရပ်သားပြည်သူ ၂၈ ဦး သေဆုံးခဲ့ရသည်ဟု ဖားကန့် ဒေသတွင်း လေ့လာစောင့်ကြည့်နေသူများထံမှ သိရသည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးသူ ၂၂ ဦး ရှိခဲ့ပြီး နောက်ထပ်အရပ်သား ခြောက်ဦးမှာမူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။
ယင်းသို့ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာသည့် အချိန်မှ စ၍ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ဖားကန့်ဒေသမှ ယမ်းဂိုဒေါင်များလည်း ပေါက်ကွဲခဲ့ပြီး မိသားစုလိုက် ပိတ်မိသေဆုံးမှုများလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်ကလည်း ဒေသခံ သုံးဦးအား ပစ်ခတ်ပြီး တစ်ဦး၏ အလောင်းအား ကိုယ်တွင်းအင်္ဂါများအား ဖြတ်တောက်၍ လမ်းမပေါ်တွင် စွန့်ပစ်ထားခဲ့သည်။
ထိုသို့ ပစ်ခတ်ခံရသူများထဲမှ တစ်ဦးမှာ မေ့မြောရာမှ ပြန်လည်အသက်ရှင်ခဲ့သည့်ဖြစ်စဉ်ကိုလည်း လူမှုကွန်ရက်ဗီဒီယိုများမှတဆင့် တွေ့ရသည်။
ထို့အပြင် ဇွန်လ ၁၁ ရက်ကလည်း ဒေသခံ အမျိုးသား ၃ ဦးအား ပစ်ခတ်ပြီး အလောင်းအား မှော်စီစာလမ်းဆုံတွင် စွန့်ပစ်ထားခဲ့သည်။
ယခင်က ဖားကန့်ဒေသအား ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ကချင်ဒေသကာကွယ်ရေးတပ် KPDF တို့မှ ထိန်းချုပ်ထားခြင်းဖြစ်ပြီး ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီမှ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ထိုသို့ တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဖားကန့်ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။