ခင်သရဖီဦး
တိုက်ပွဲများ ပြင်းထန်နေသည့် ကျောက်ဖြူမြို့တွင် ဇွန်လ ၁၅ ရက်က စစ်ကောင်စီ၏ အမှတ် (၃၂) ရဲတပ်ရင်းအနီးမှ စစ်ကောင်စီတပ်သား ၅၀ ခန့် လက်နက်ချ အလင်းဝင်လာသည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ကျောက်ဖြူတွင် စစ်တပ်ဘက်မှ လက်နက်ချ အလင်းဝင်သူ များပြားနေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှလည်း သိရသည်။
”ရဲတပ်ရင်းကို AA ဘက်ကနေပြီး တိုက်နေတာရှိတယ်။ စစ်တပ်ဘက်ကတော့ လူ ၄၀ ကျော်၊ ၅၀ လောက်အထိကို လက်နက်ချတာ၊ အလင်းဝင်တာတွေ ရှိတယ်။ တိုက်ပွဲက ထွက်ပြေးပြီးတော့ ဖမ်းမိတဲ့ လူတွေလည်း ပါတာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့မှာ ကျောက်ဖြူရှိ ဓညဝတီရေတပ်ဌာနချုပ်အနီးနှင့် အမှတ် (၃၂) ရဲတပ်ရင်း အနီးတွင် တိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်လခန့်ကြာမြင့်ပြီ ဖြစ်ကာ ဒေသခံ ထောင်ချီ ဘေးလွတ်ရာဒေသများသို့ စစ်ဘေးရှောင်နေကြရသည်။
”အခု ကျောက်ဖြူဘက်မှာတော့ တိုက်ပွဲကတော့ နေ့တိုင်းရှိနေတယ်။ စစ်ကောင်စီဘက်က လက်နက်ချတဲ့ လူတွေမှာ ဗိုလ်အဆင့်တွေလည်း ပါတယ်။ အခု ၃၂ တပ်ရင်းကလည်း ထွက်ပြေးတဲ့ စစ်သားတွေ ပါတာပေါ့။ တိုက်ပွဲကတော့ လက်ရှိမှာလည်း တိုက်နေတုန်းပါပဲ” ဟု အာရက္ခတပ်တော်နှင့် နီးစပ်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်သားများအနေဖြင့် ကျောက်ဖြူရှိ တိုက်ပွဲများအတွင်း AA ထံ လက်နက်ချ အလင်းဝင်လာသူအရေအတွက်မှာ မတ်လမှ ဇွန်လဆန်းပိုင်းအထိ ၁၁၀ ကျော်ခန့်ရှိသည်ဟု သိရသည်။
ထို့အပြင် စစ်သုံ့ပန်းနှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် ထောင်ချီအား AA မှ ထိန်းသိမ်းထားသည်ဟု စုံစမ်းသိရသည်။
နှစ်လနီးပါးခန့် တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းမှ တရုတ်လူမျိုးဝန်ထမ်းများအား ရွှေ့ပြောင်းမှုများလည်း ရှိနေသည်ဟု ဒေသခံများမှ ပြောသည်။
လက်ရှိအချိန်အထိ အာရက္ခတပ်တော် AA အနေဖြင့် ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၄ ခုအား သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များကို ထပ်မံသိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။