တစ်စိတ်တစ်ပိုင်းပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ထိုင်းအာဏာပိုင်တွေက အပြည့်အဝ ပြန်မဖွင့်ပေးရင် ထိုင်း – ကမ္ဘောဒီးယားနယ်စပ်ဂိတ်တွေအားလုံးကို ပိတ်ပစ်ပြီး ထိုင်းပစ္စည်းတင်သွင်းခွင့်ကိုလည်း ပိတ်ပစ်မယ်လို့ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။
အရင်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တဲ့ သူက ဒီကနေ့ပြုလုပ်တဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာပါ။
ဒါပေမယ့်လည်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ်နဲ့ ဖုန်းပြောဆိုပြီးနောက်မှာတော့ ကမ္ဘောဒီးယား အစိုးရက ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ခမာတိုင်းစ်မှာ ဖော်ပြထားပါတယ်။
ဟွန်ဆန်ဟာ သားဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့အတူ ထိုင်းဝန်ကြီးချုပ်နဲ့ ဖုန်းပြောခဲ့တာပါ။
“မနက်ဖြန်ကစပြီး ထိုင်းဘက်က နယ်စပ်ဂိတ်အားလုံးကို အပြည့်အဝ ပြန်မဖွင့်ပေးဘူးဆိုရင် ထိုင်းနဲ့ နယ်စပ်ဂိတ် အားလုံးအပါအဝင် ထိုင်းသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တင်သွင်းခွင့်အားလုံးကို ပိတ်ပင်သွားမယ်” လို့ ဟွန်ဆန် က ပြောခဲ့တာဖြစ်ပါတယ်။
နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုတွေကြောင့် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနဲ့ နယ်စပ်ဂိတ်အများအပြားကို ပြီးခဲ့တဲ့ တစ်ပတ်ကစလို့ ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
တကယ်လို့သာ ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို အရင်လို မနက် ၆ နာရီကနေ ည ၁၀ နာရီအထိ ပြန်ပြီး ခွင့်ပြုသွားမယ်ဆိုရင် ကမ္ဘောဒီးယားဘက်ကလည်း လက်ရှိချမှတ်ထားတဲ့ နယ်စပ်ဝင်ပေါက် ကန့်သတ်ချက်တွေကို ဖျက်သိမ်းပေးသွားမယ်လို့ ဟွန်ဆန်က ဖြည့်စွက်ပြောခဲ့ပါတယ်။
နယ်စပ်ကန့်သတ်ချက်တွေကို ထိုင်းနိုင်ငံဘက်က စတင်ခဲ့တာဖြစ်တဲ့အတွက် ကမ္ဘောဒီးယားအာဏာပိုင်တွေ အနေနဲ့ကတော့ နယ်စပ်ကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မှာ မဟုတ်ဘူးလို့လည်း ဟွန်ဆန်က ပြောဆိုခဲ့ပါတယ်။
Ref: Thai PBS