ဒီးမော့ဆိုတွင် လက်နက်ကြီးထိမှန်၍ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး
***************************
ဇန်နဝါရီ ၄ ၊ ၂၀၂၃ ။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်ရှောင်စခန်းတစ်ခုအတွင်း ကျရောက်၍ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီလ၃ ရက်၊ ည ၇နာရီ ဝန်းကျင်ခန့်တွင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း နေရာအတော်များများသို့ မည့်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု DMO PDF ကဖော်ပြထားသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်း ထွီးဆို (ထုံးကျောက်တောင်) စစ်ရှောင်စခန်းပေါ်သို့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
သေဆုံးသူအမျိုးသမီး၌ သား၂ဦးနှင့် ယောက်ျား ကျန်ရှိခဲ့ပြီး ၎င်းတို့စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင်သည်မှာ ၁လကျော်ခန့်သာ ရှိသေးသည်ဟု မြေပြင်သတင်း အချက်အလက်စုဆောင်းရေး အဖွဲ့ထံမှ သိရှိရသည်ဟု DMO PDFက ဖော်ပြထားသည်။
ကရင်နီပြည်တွင် အရပ်သားပစ်မှတ်များကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသောကြောင့် စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ မကြာခဏ ကြုံတွေ့နေကြရသည်။
ယမန်နေ့ ဇန်နဝါရီလ ၃ရက်၊ နံနက် ၁၁နာရီခန့်တွင်လည်း စစ်ကောင်စီတပ်က လွိုင်ကော်မြို့အနီးရှိ ကျေးရွာများသို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ကရင်နီပြည်တွင် အာဏာသိမ်းကာလအတွင်း၌ စစ်ရှောင် ၁၂၆ ဦးနှင့် အရပ်သားပြည်သူ ၂၉၃ ဦး စုစုပေါင်း ၄၁၉ ဦးထိအသက်ဆုံးရှုံးထားရသည်ဟု တိုးတက်သော ကရင်နီပြည်သူအင်အားစု PKPF ကဖော်ပြထားသည်။
စစ်ဘေးရှောင်နှင့် အရပ်သားများသေဆုံးမှုသည် စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ပစ်သတ်မှု၊ မိုင်းထောင်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုနှင့် ဆေးဝါးမလုံလောက်မှု စသည့် အကြောင်းအရာများကြောင့် အဓိကဖြစ်သည်ဟု PKPF တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
ဓာတ်ပုံ – Karenni’s Voice၊ DMO PDF