ချင်းတွင်းမြစ်အတွင်း သောင်တင်နေသည့် ရိက္ခာတင်သင်္ဘောကို ကြားဖြတ်တိုက်ခိုက်
************************
ဇန်နဝါရီ ၄၊ ၂၀၂၃။
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ရိက္ခာတင်သင်္ဘောတစ်စီး သောင်တင်နေချိန်တွင် ဒေသခံကာကွယ်ရေးမဟာမိတ်နှစ်ဖွဲ့က ယမန်နေ့ည ၈နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု DRPA အဖွဲ့က သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီအင်အား၇၀ခန့်ပါသည့် ဖလပ်အမြန်သင်္ဘောတစ်စီးနှင့် ရိက္ခာများတင်ဆောင်လာသည့် သင်္ဘောတစ်စီးသည် မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်း ဖြစ်သည်။
ကနီမြို့နယ် ငါးဖျတ်ရွာအနီးအရောက်တွင် သင်္ဘောနှစ်စီးလုံး သောင်တင်နေချိန်ကို စောင့်ဆိုင်းပြီး DRPAနှင့် ကျောက်လု KLG တပ်မဟာနှစ်ဖွဲ့ပူးပေါင်းကာ လက်လုပ်လက်နက်ကြီးများ မောင်းပြန်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု DRPA အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ နှစ်စီးလုံးသောင်တင်နေတာ တစ်စီးနဲ့တစ်စီး ကွာသွားတဲ့အချိန်ကိုစောင့်ပြီး ရိက္ခာသင်္ဘောကို ဝိုင်းပစ်တာ။ ပစ်မှတ်သေဖြစ်နေတော့ အကုန်နီးပါးထိတယ် ” ဟု ၎င်းကပြောသည်။
မဟာမိတ်နှစ်ဖွဲ့ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ရိက္ခာတင်သင်္ဘောပေါ်မှ စစ်ကောင်စစ်တပ်သား နှစ်ဦးကျဆုံးကြောင်း၊ ကျန်ငါးဦးမှာ မြစ်ထဲသို့ခုန်ဆင်းပြီး ကျန်သင်္ဘောဆီသို့ ကူးပြေးသွားကြောင်း သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာသင်္ဘောဆီမှ ရိက္ခာများနှင့် အသုံးတည့်သည့်ပစ္စည်းများဖြုတ်ယူကာ ဆုတ်ခွာခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
” ဆန်အိတ်၈၂အိတ် ပဲအိတ်၁၀အိတ် စားဆီပုံးတစ်ပုံး ကျည်ကာအင်္ကျီတွေနဲ့ စစ်သုံးကျောပိုးအိတ်တွေသိမ်းဆည်းရခဲ့တယ် ” ဟု ၎င်းကဆက်ပြောသည်။
အင်အား၇၀ခန့်ပါသည့် သင်္ဘောသည် လက်ရှိအချိန်ထိ သောင်တင်နေဆဲဖြစ်သောကြောင့် ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက စစ်ရေးသတိဖြင့် ကင်းချစောင့်ကြည့်လျက်ရှိသည်ဟု သိရသည်။
ပုံစာ – ချင်းတွင်းမြစ်ကြောင်း၌ သွားလာနေသည့်စစ်ကောင်စီရေယာဥ် (ပုံဟောင်း)။