ထိုင်း-မြန်မာနယ်စပ် မြဝတီတလျှောက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် ပါကစ္စတန်နိုင်ငံသား ၁၆ ဦးအား ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကတဆင့်သက်ဆိုင်ရာနိုင်ငံများသို့ ဇွန်လ ၁၆ ရက်တွင် လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
ထို့အပြင် မြဝတီမြို့နယ်တလျှောက် ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး နယ်မြေများရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်နေသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၁ ဦး၊ တရုတ်နိုင်ငံသား ငါးဦး၊ နီပေါနိုင်ငံသား သုံးဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး စုစုပေါင်း ၂၀ ဦးတို့အားလည်း စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်နေသူများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှစ၍ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် အဆိုပါ ဒေသများအား ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ ဖော်ထုတ် ထိန်းသိမ်းလျက်ရှိသည်။
ကျားဖြန့်အွန်လိုင်းငွေဂိုဏ်းများအား စတင်နှိမ်နင်းသည့် အချိန် ဇန်နဝါရီလကုန်ပိုင်းမှ ဇွန်လ ၁၁ ရက်အထိ လေးလကျော်အတွင်း အဆိုပါဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၉၁၀၀ ကျော်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ယင်းနိုင်ငံခြားသားများထဲမှ ၈၇၅၀ ကျော်အား သက်ဆိုင်ရာနိုင်ငံများသို့ တာဝန်ရှိသူများမှ လွှဲပြောင်းပေးအပ်ပြီးဖြစ်သည်ဟု စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ထိန်းသိမ်းထားသည့် ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေသော ပြည်ပနိုင်ငံသား ၃၆၀ အားလည်း ထပ်မံလွှဲပြောင်းပေးအပ်ရန် အဆင်သင့်ဖြစ်နေပြီဟု သိရသည်။