သူရဦးအောင်ကို၊ ဒေါ်သန်းမြင့်အောင်တို့ ပြန်လည်လွတ်မြောက်
****************************
ဇန်နဝါရီ ၄ ၊ ၂၀၂၃ ။
အာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီ၏ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည့် သူရဦးအောင်ကိုနှင့် ဒေါ်သန်းမြင့်အောင်တို့ ပြန်လည်လွတ်မြောက်လာပြီဟု ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။
NLD အစိုးရ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည် သူရဦးအောင်ကိုအား အာဂတိလိုက်စားမှုဖြင့် စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာကော်မတီဝင် ဒေါ်သန်းမြင့်အောင်အား တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်မှုဖြင့် စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။
“ မနေ့ညနေက ဆရာမကြီးဒေါ်သန်းမြင့်အောင်နဲ့ သူရဦးအောင်ကို နှစ်ဦးကို ပြန်လွတ်ပေးလိုက်ပါတယ်။ ဒီနေ့က ကိုထင်လင်းဦးတို့ ပြန်လွတ်လာပြီ သိရတယ် ” ဟု အင်စိန်အကျဉ်းထောင်နှင့် နီးစပ်သည့် ရှေ့နေတစ်ဦးက ယနေ့နံနက်ပိုင်းတွင် သံလွင်ခက်ကို ပြောသည်။
ယနေ့ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများကို လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေပြီး နိုင်ငံရေး အကျဉ်းသားတချို့ လွတ်မြောက်လာခြင်း ဖြစ်သည်။
” နောက် ၅၀၅ တွေက ကျခံစဉ်ကာလ ၁နှစ်အောက်က လွတ်ပေးမယ် အကယ်၍ ကျခံစဉ် ၁ နှစ်အထက်ဆိုရင်တော့ ပြစ်ဒဏ်ရဲ့ ၆ပုံ ၁ပုံ လျော့ပေါ့ပေးမယ်ပြောတယ်။ အမှုရင်ဆိုင်ဆဲတွေကတော့ အကျိုးခံစားခွင့်ထဲ မပါဘူးလို့ သိထားရတယ်။ ဒါပြည်ထဲရေးကနေပြီးတော့ အကျဉ်းသိထားရတာပါ ” ဟု အင်စိန်အကျဉ်းထောင်နှင့် နီးစပ်သည့် ရှေ့နေတစ်ဦးက ယနေ့နံနက်ပိုင်းတွင် သံလွင်ခက်ကို ပြောသည်။
ယနေ့နံနက်ပိုင်းတွင်လည်း ကိုထင်လင်းဦး ပြန်လည်လွတ်မြောက်လာပြီဟု သတင်းထွက်ပေါ်နေပြီး သတင်းသမားနှစ်ဦးလည်း လွတ်မြောက်လာရန် ရှိသည်ဟု သိရသည်။