ပြီးခဲ့တဲ့ဇွန်လ ၁၃ ရက်၊ ကြာသပတေးညမှာ အစ္စရေးက အီရန်ကိုတို က်ခိုက်အပြီးမှာပဲ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်က ‘တတိယကမ္ဘာစစ် စတင်နေပြီ’ လို့ ကြေညာလိုက်ပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံအနေနဲ့ တပ်သားသစ် တစ်သန်း အသင့်ပြင်စုစည်းထားဖို့ကိုလည်း ရုရှားစစ်ခေါင်းဆောင်ပိုင်းမှာ ထင်ရှားတဲ့ အသက် ၅၁ နှစ်အရွယ် ဗိုလ်ချုပ် အက်ပ်တီ အယ်လောဒီနော့ဗ် – Apti Alaudinov က ကရင်မလင်ကို တိုက်တွန်းလိုက်ပါသေးတယ်။
အယ်လောဒီနော့ဗ်ဟာ လက်ရှိအချိန်မှာ ရုရှားစစ်တပ်ရဲ့ ပင်မစစ်ရေး – နိုင်ငံရေးညွှန်ကြားရေးမှူးချုပ်ရုံး လက်ထောက်အကြီးအကဲရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ထင်ရှားတဲ့ ဝါဒဖြန့်ချိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံအနေနဲ့ အနည်းဆုံး တပ်သားသစ်အင်အား ငါးသိန်းဝန်းကျင်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပြီး တတိယကမ္ဘာစစ်အတွက် တပ်သားသစ်တွေ ဆင့်ခေါ်ကာ လေ့ကျင့်ပြင်ဆင်ထားဖို့လိုပြီလို့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ တယ်လီဂရမ်ချန်နယ်မှာ သူက ရေးသားခဲ့တာပါ။
အီရန်ကို လုပ်သလိုမျိုး ရုရှားနိုင်ငံကို ဘယ်သူကမှ လာမကစားရဲကြသလို ရုရှားပြည်သူတွေအနေနဲ့ အဆင့်တိုင်း အဆင့်တိုင်းမှာ စည်းလုံးညီညွတ်ဖို့ လိုတယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။
အယ်လောဒီနော့ဗ်ဟာ ကာ့စ်ဒေသမှာ ယူကရိန်းသိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကို ရုရှားနိုင်ငံက ပြန်ပြီး ရယူရာမှာ နီးနီးကပ်ကပ် ပါဝင်ခဲ့သူဖြစ်သလို ချန်နီယာဒေသမှာ တပ်စွဲထားတဲ့ အက်ခ်မက်အထူးတပ်ဖွဲ့ရဲ့ တပ်မှူးလည်း ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာတော့ အစ္စရေးက အီရန်ရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေအပါအဝင် တီဟီရန် ဝန်းကျင်မှာ ရှိတဲ့ စစ်အခြေစိုက်စခန်း အနည်းဆုံး ခြောက်ခု၊ တပ်မမှူးတွေ နေထိုင်တဲ့ အဆောက်အအုံဝန်း နှစ်ခုက လူနေအိမ်တွေနဲ့ တီဟီရန်အနီးတဝိုက်မှာ ရှိတဲ့ လူနေအိမ်များစွာကို တိုက်ခိုက်ခဲ့ပါတယ်။
အခုလို အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီးနောက်မှာပဲ တတိယကမ္ဘာစစ်ကြီး စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်က မှတ်ချက်ပြုခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ရုရှားနိုင်ငံရဲ့ ထိပ်တန်းနိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူ ဖျိုဒေါ် လူကာနော့ဗ က တတိယကမ္ဘာစစ်ကြီး စတင်နေပြီလို့ ပြောဆိုခဲ့ပါသေးတယ်။