ကော်သူးလေးအစိုးရ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုနှင့် ပြုပြင်မွန်းမံမှုသမိုင်းများကို သင်ခန်းစာယူရမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗဒိုစောကွယ်ထူးဝင်းမှ ကော်သူးလေနေ့ အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။
KNU ဥက္ကဌ ဗဒိုစောကွယ်ထူးဝင်းက ယနေ့ ဇွန် ၁၄ ရက်တွင် ကျရောက်သည့် ၇၆ နှစ်မြောက် “ကော်သူးလေ” နေ့သို့ ပေးပို့သော သဝဏ်လွှာမှတဆင့် ပြောလိုက်ခြင်းဖြစ်သည်။
ကရင့်အမျိုးသားများသည် လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်မှစ၍ မြို့ရွာများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အုပ်ချုပ်ရေးပိုင်းတွင် အလွန်အားနည်း၍ မြို့ရွာအုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုများကို လုံးဝ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိ ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
“ပထမအချက်အနေဖြင့် နိုင်ငံရေးဆိုင်ရာ လမ်းညွန်မှုနှင့် ဒုတိယအချက်နေဖြင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု အတတ်ပညာဖြစ်ပါသည်” ဟု ၎င်းက ရေးသားဖော်ပြသည်။ “ကော်သူးလေ” အစိုးရကို ၁၉၄၉ ခုနှစ် ဇွန် ၁၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်သူးလေ အစိုးရ ဖွဲ့စည်းပုံတည်ဆောက်မှုလည်းရှိခဲ့သည်ဟု သိရသည်။
၁၉၅၀ ခုနှစ် ဧပြီလတွင် “ကော်သူးလေ” အစိုးရ၏ ပထမဆုံးအစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ဇူလိုင် ၁၇ ရက်တွင် ဖာပွန်ကွန်ဂရက်ကို ခေါ်ယူကျင်းပခဲ့သည်။
ယင်းကွန်ဂရက်၌ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်အား ပြုပြင်ခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာမွမ်းမံခြင်းများပြုလုပ်ရန် အဆိုပြုခဲ့ကြသော်လည်း ခေါင်းဆောင်အချို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေး၍ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကြောင့် KNU ဖွဲ့စည်းတည်ဆောက်မှု၊ အုပ်ချုပ်ရေး၊ လူထုရေးရာ စီမံခန့်ခွဲမှုများကို မချမှတ်နိုင်ခဲ့ဟု ဆိုသည်။
ကရင်အမျိုးသား တော်လှန်ရေးလှုပ်ရှားမှုများသည် ကရင်လူမျိုးတို့၏ အိပ်မက်ဖြစ်သော “ကော်သူးလေ” နိုင်ငံထူထောင်ခြင်းဖြစ်ပြီး စိတ်နှလုံးတွင် “ကော်သူးလေ” နိုင်ငံစွဲမြဲနေသည်မှာလည်း ငြင်းပယ်၍မရဟု ဗဒိုစောကွယ်ထူးဝင်းက ပြောသည်။ ထို့ကြောင့် “ကော်သူးလေ” ၏ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုနှင့် ပြုပြင်မွန်းမံမှုဆိုင်ရာသမိုင်းများကို သင်ခန်းစာယူရမည်ဟုလည်းဆိုသည်။
လက်ရှိအချိန်တွင် KNU အနေဖြင့် အခြားသော လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ၊ စစ်အာဏာရှင် ဆန့်ကျင်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန်လည်း ကြိုးပမ်းလျက်ရှိသည်ဟု အဆိုပါ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ပုံစာ-ကရင့်တော်လှန်ရေး နှစ် ၇၀ မြောက် အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗဒိုစောကွယ်ထူးဝင်းကို တွေ့မြင်ရစဉ် (ဓာတ်ပုံ-KNU)