ဆေးဝါးကုသခွင့် လုံလောက်စွာမရ၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁ ရက်အထိ ငါးလအတွင်း သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးအထိ ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် PPNM မှ သိရသည်။
PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “အဓိကတော့ ထောင်တွင်း ဆေးဝါးကုသမှု လုံလောက်စွာ မရရှိတဲ့ အခြေအနေဖြစ်တယ်။ ဒါ့အပြင် ဆရာဝန်တွေ အချိန်နဲ့ တပြေးညီ မထုတ်ပေးတာ၊ ဆရာဝန်တွေ အင်အားလျော့နည်းတာ၊ ဆရာဝန်တွေ ဂျူတီချိန်မှာ တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်တာ ဒီလိုအခြေအနေတွေကြောင့်မို့ သေဆုံးကြရတာဖြစ်ပါတယ်” ဟု အတည်ပြု ပြောသည်။
ပြီးခဲ့သည့် မေ ၇ ရက်က မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရသည့် CDM ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းသည် လုံလောက်စွာ ဆေးဝါးစောင့်ရှောက်မှု မရရှိခြင်းကြောင့် သွေးကြောပေါက် သေဆုံးသွားသည်ဟု PPNM ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကျောင်းအုပ်ဆရာမကြီးသည် တီဘီရောဂါ အခံရှိသူဖြစ်ကာ ပုံမှန်ဆေးဝါးစောင့်ရှောက်မှု လိုအပ်သူတစ်ဦးဖြစ်သည်။ ရောဂါပြင်းထန်ချိန်တွင် ထောင်အာဏာပိုင်များအား ဆေးကုသခွင့်တောင်းခံခဲ့သော်လည်း မရရှိခဲ့ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရောဂါအခြေအနေ ပိုမိုဆိုးရွားလာမှသာ ဆေးကုသခွင့်ရခဲ့ပြီး ဆေးပြင်းများကြောင့် သွေးကြောပေါက်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုထားသည်။ ထို့အပြင် မေလ ၂၃ ရက်ကလည်း သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နှလုံးနှင့် သွေးတိုးရောဂါခံစားနေရသူ အကျဉ်းသား ဦးကျော်စိုးသည် ဆေးဝါး လုံလောက်စွာ ကုသခွင့်မရခြင်းကြောင့် သေဆုံးခဲ့ရသည်။
ထိုသို့ အချိန်မီဆေးကုသခွင့် မရရှိသောကြောင့် သေဆုံးသူ ၁၁ ဦးထဲတွင် အမျိုးသမီး ၂ ဦးပါဝင်ပြီး သေဆုံးသူ၏ မိသားစုဝင်များအား ယခုကဲ့သို့ သေဆုံးရကြောင်းကို ဖြန့်ဝေခြင်းမပြုရန် ထောင်အာဏာပိုင်များက သတိပေးထားသည်ဟု သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးကြောင့်လည်း မန္တလေးအိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးခဲ့ရသည်။
စစ်ကောင်စီသည် စတင်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိ အပြစ်မဲ့ပြည်သူ သုံးသိန်းနီးပါးအား ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရသူ ၂၂၀၀၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇွန်လ ၁၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။