ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကော့ဘော်ကျေးရွာရှိ နေအိမ်တစ်ခုတွင် သေဆုံးသူအတွက် ရက်လည်ဆွမ်းကျွေးအလှူလုပ်ရန် ချက်ပြုတ်နေချိန် နေအိမ်ပေါ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင် သုံးဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ငါးနှစ်အရွယ် ကလေးငယ် တစ်ဦး၊ ဆယ်နှစ်အရွယ် ကလေးတစ်ဦး နှင့် မိခင်ဖြစ်သူအပါအဝင် မိသားစုဝင် သုံးဦး သေဆုံးခဲ့ရသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ “သေတာက အိမ်ရှင် သုံးယောက် အပါအဝင် နောက်ထပ် သုံးယောက် ပါသေးတယ်။ ကော့ကမာရွာမှာ အလုံးကြီး သုံးလုံး ကော့ဘော်ရွာမှာကတော့ မနေ့က ရက်လည်အလှူလုပ်ဖို့ အလုပ်အကိုင်နေ့မှာ လူတွေ စုဝေးနေလို့ ညနေ လူပါးတဲ့ အချိန်မှာဖြစ်လို့ နည်းနည်းတော်သွားတယ်။ မနက်ပိုင်းကျရင် မတွေးရဲစရာ” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
၎င်းက ဆက်ပြီး “ကျုံဒိုးက ပစ်ထုတ်သံ မကြားရဘဲ ကွဲသံပဲကြားရတယ်” ဟု ပြောသည်။ လက်ရှိ လက်နက်ကြီးကျသည့် ကော့ဘော်ကျေးရွာသည် ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်၌ တည်ရှိပြီး ဘားအံ-မြဝတီ ကားလမ်းကြီးဘေး ကျုံဒိုးမြို့၏ အနောက်မြောက်ဘက်တွင်တည်ရှိသည်။
ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးဘေးတလျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့အကြားနေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ကျုံဒိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း၊ ကော့ကရိတ်မြို့ရှိ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်အနီး ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းများ ရှိနေပြီး ဒေသခံများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ ကြုံတွေ့နေကြရသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်ကလည်း ကျုံဒိုးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးအလုံး ၂၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ကရင်ပြည်နယ်အခြေစိုက် Karen Information Center (KIC) သတင်းဌာနမှ ရေးသားဖော်ပြထားသည်။
ပုံစာ- KNU ထိန်းချုပ်နယ်မြေ မူးမြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မေ ၁၃ ရက်က ဒေသခံ နှစ်ဦးသေဆုံးခဲ့စဉ် (ပုံဟောင်း)